စစ်ကိုင်းတိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် စစ်မှုထမ်းရန် လူစုဆောင်းပေးနေသော စရဖ ၁ ဦး၊ ရဲ ၁ ဦးနှင့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦးတို့ ကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးလုံး သေဆုံးခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Shwebo Crocodile (ဗိုလ်မိကျောင်း) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဧပြီလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရွှေဘိုမြို့ စတိုင် ၁ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် စအဖ စန်းနိုင် ၊ ရဲတပ်ကြပ်ကြီး အောင်ဖြိုးမင်းနှင့် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော သန့်ဇင်ဦး ဆိုသူတို့ကို တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။
” ၃ ကောင်လုံးသေတယ်ဗျ။ အောင်ဖြိုးမင်း က ရဲခွေး၊ စန်းနိုင်က စရဖ က ကောင်၊ သန့်ဇင်ဦးက ရွှေဘိုမြို့နယ် အနောက်ခြမ်း ဇီးဖြူကုန်း ကျေးရွာ ဇာတိ။ အမည်ကို သူ့ဘာသာ ပြောင်းပြီး စောသန့်ဇင်ဦး လုပ်ထားတာ သူက အာဏာသိမ်းပြီးထဲက မြို့ပေါ်ကို တက်လာပြီး တော်လှန်ရေး သတင်းအချက်အလက်တွေကို စုံစမ်းပြီး သတင်းပေးနေတာ။ လက်နက်သိမ်းဆည်းရမိတာက သန့်ဇင်ဦးဆီက ရရှိခဲ့တာ ကျန်တဲ့ ၂ ကောင်ကတော့ လက်နက် မပါဘူး။ အဲ ၃ ကောင်က လက်ရှိဖြစ်ပေါ်နေတဲ့ စကစ စစ်မှုထမ်းဖို့ မြို့ပေါ်နေ လူငယ်လေးကို လိုက်လံ ဖမ်းဆီးပြီး မတရားစုဆောင်းနေတဲ့ထဲမှာ သူတို့ ၃ ကောင်ပါတယ်။ နောက်ပြီး နယ်တွေမှာ စစ်ခွေး စစ်ကြောင်းထိုးပြီဆိုရင် သန့်ဇင်ဦးက မကြာခဏ ပါရှိလာတယ်။ နောက်ထပ် စစ်ကောင်စီဘက်ကို ဆက်လက်ပြီး ရပ်တည်နေတဲ့ အုပ်ချုပ်ရေးမှူး ရာအိမ်မှူးက အစ ပျူစောထီးတွေ အပါအဝင် ဆက်လက်ပြီးတော့ စစ်ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်နေမယ်ဆိုရင် ပြည်သူတွေ ကိုယ်စား တော်လှန်ရေး အင်အားစုတွေက ဆက်လက် ချေမှုန်းသွားမယ် အပြစ်ပေး အရေးယူသွားမယ့် အကြောင်း ပြောချင်ပါတယ်” ဟု Shwebo Crocodile (ဗိုလ်မိကျောင်း) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
သေဆုံးသွားသူ ၃ ဦးသည် လူငယ်များ စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီး၍ လူစုဆောင်းပေးနေသူများဖြစ်ပြီး သန့်ဇင်ဦး ဆိုသူသည် စစ်တပ် စစ်ကြောင်းထိုးရာတွင် လမ်းပြအဖြစ်လိုက်ပါလေ့ရှိကြောင်း၊ တော်လှန်ရေးရဲဘော် များ၏ သတင်းများကို စုံစမ်း၍ စစ်တပ်ထံ ပေးပို့နေသူဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေး အင်အားစုများက SIG 9 mm ပစ္စတို ၁ လက်နှင့် စာရွက်စာတမ်း မှတ်တမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ နှင့် Shwebo Crocodile ရဲဘော်များက လုပ်ဆောင်ခဲ့ပြီး ထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပြည်သူများကို ဖိအားပေး၍ နိုင်ကျင့် ယုတ်မာနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အပြစ်ပေး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Shwebo Crocodile (ဗိုလ်မိကျောင်း) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။