ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ မယ်ဝေါခီးရွာမှ ပြည်သူ ၂ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁ဝ နာရီ ၁၅ မိနစ်ခန့်တွင် ညောင်လေးပင်ခရိုင်၊ ရွှေကျင် မြို့နယ်ရှိ ထီးဝါးက လူခီး နေရာ၌ အကြမ်းဖက် စစ်တပ်၏ ခမရ-၃၅၁၊ ခမရ−၃၄၉၊ ခမရ−၅၈၉ ပူးပေါင်း တပ်ဖွဲ့သည် မယ်ဝေါခီး ကျေးရွာနေမှ အသက် ၅၇ နှစ်အရွယ် ဦးမောင်သိန်း နှင့် အသက် ၂၉ နှစ်အရွယ် ဦးကျော်ဝင်း တို့ကို အကြောင်းမဲ့ ဖမ်းဆီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အလားတူ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်နှင့် အမ်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များ မီးလောင်ပြာကျပျက်စီးခဲ့ကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။
ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပေါက်တောမြို့နယ်၊ မနော်သီရီရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ င/ပြီကျွန်းအနီး ရပ်တန့်ထားသော အကြမ်းဖက် စစ်တပ်၏ ရေယာဥ်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်များ မီးလောင် ပျက်စီးပြီး အသက် ၂၉ နှစ်အရွယ် မအေးအေးချို ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၆ ရက်နေ့တွင် အမ်းမြို့နယ်၊ ဒါးလက်ချောင်း၊ အလယ်ကျွန်းရွာကို တောဟိန်းတောင်ရှိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၂၈ နှစ်အရွယ် ကိုမောင်ညွှန့်အေး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။