ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ မြို့ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ က ထိန်းချုပ်ထားနိုင်ပြီလို့ KNU တာဝန်ရှိသူတွေအတည်ပြုပြောကြားမှုကို ကရင်သတင်းဌာနဖြစ်တဲ့ KICက ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ ထိန်းချုပ်ခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ်က ဘုရားသုံးဆူ မြို့ကို ထိန်းချုပ်နိုင်ပြီးနောက်မှာ KNU တပ်မဟာ ၆ရဲ့ အုပ်ချုပ်မှုယန္တရားကို ဇွန်၊ ဇူလိုင်မှာ စတင် အကောင် ထည်ဖော် ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
KNUရဲ့ အုပ်ချုပ်မှုယန္တရားစတင်ဆောင်ရွက်နေတာနဲ့ပတ်သတ်ပြီး အဲ့ဒီမြို့မှာ အခြေစိုက်နေတဲ့ မွန်ပြည်သစ်ပါတီ(NMSP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) နဲ့ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့တို့က ကန့်ကွက်ပြောဆိုတာတွေ မရှိတဲ့အပြင် ညီညီညွတ်ညွတ်နဲ့ လက်တွဲဆောင်ရွက် နေတယ်လို့ KICက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က ဘုရားသုံးဆူမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ပါးစေ ရုံး ၄ရုံးကို တော်လှန် ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက် ရှင်းလင်းနိုင်ခဲ့တာပါ။
ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီတပ်တွေရဲ့ မြဝတီမြို့ အနီးက လက်ခတ်တောင်စခန်းကို သိမ်းယူထားနိုင်သလို စက်တင် ဘာ ၁၄ရက်ကလည်း ကော့ကရိတ်မြို့နယ်က စစ်ကောင်စီ ရေတလျောက်စခန်းကို KNLA – တပ်ရင်း ၁၈ နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို လက်နက်ခဲယမ်းမြောက်များရ ရရှိခဲ့ပါသေးတယ်။
အကြမ်းဖက် စစ်ကောင်စီအနေနဲ့ KNU တပ်မဟာ(၆) နယ်မြေကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ အပြင် မြေပြင်ကနေပါ လက်နက် ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပြလုပ်နေတဲ့ အတွက် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။