ရေဖြူမြို့နယ် ကံပေါက်မှာ ပြီးခဲ့တဲ့ တစ်ပတ်က အဖမ်းခံခဲ့ရတဲ့ ဒေသခံရှစ်ဦးထဲက ခြောက်ဦး မနေ့က ပြန်လွတ်လာပါတယ်။
အခုလ ၁၅ ရက်နေ့က ကံပေါက်သစ်တောရုံးလမ်းဆုံမှာ မိုင်းတွေ့ပြီးနောက် စစ်ကောင်စီတပ်သားတွေက သူတို့ရဲ့နေအိမ်ကို ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
ပြန်လွတ်လာသူတွေက ကံပေါက်စျေးထဲက ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်စန်းမြင့်နဲ့ မိသားစုဝင်တွေဖြစ်တဲ့ ဒေါ်မီးချို၊ ကိုကျော်ကျော်၊ ကိုကျော်ဦး၊ ဆိုင်မှာအလုပ်လုပ်နေတဲ့ ကိုမင်းသူအောင်နဲ့ ကိုကျန်ကျောင်းတို့ဖြစ်တယ်လို့ သိရပါတယ်။
“ရေတပ်ကကားအငယ်တွေနဲ့ပဲ အိမ်မှာလာပို့ခဲ့တာ။ ဘာမှတော့မဖြစ်ဘူး ကြားတယ်။ တစ်ခုခုဖြစ်လာရင်တော့ ဒီအခြေနေမှာ ဘယ်သူမှဘာမှပြောရဲမှာမဟုတ်ဘူး။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
သစ်တောရုံးလမ်းဆုံမှာ မိုင်းတွေ့ပြီးနောက်မှာ ပြန်လွတ်လာသူ ဒေသခံ ၆ ဦးအပြင် ကံပေါက်ကျောက်တိုင်အနီးမှာရှိတဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်က အသက် ၃၀ ဝန်းကျင်အရွယ်အမျိုးသမီးနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့တာပါ။ သူတို့ကတော့ ဒီကနေ့ထိ ပြန်မလွတ်မြောက်လာသေးပါဘူး။
ကံပေါက်ဒေသမှာ မိုင်းတွေ့တဲ့ နေ့ကစပြီး ပုံမှန်နေ့တွေထက် ကင်းလှည့်တာတွေပိုလုပ်နေပြီး ဆင်ကိုးရပ်ရေတံခွန်ရှေ့မှာလည်း လမ်းသွားလမ်းလာတိုင်းကို မှတ်ပုံတင်စစ်တာ၊ သွားလာမဲ့လမ်းကြောင်းတွေကို စစ်မေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။