မန္တလေးမြို့ ၊ပုသိမ်ကြီးမြို့နယ်ထဲက လယ်ယာမြေတွေပေါ်မှာ ခွင့်ပြုချက်မရဘဲ အကွက်ရိုက်ရောင်းချထားတာ ၊ လူနေအိမ်တွေဆောက်လုပ်ပြီး ဝင်ရောက်နေထိုင်ကြသူတွေ လာမယ့် ဇူလိုင်လ ပထမ ပတ်အတွင်း ဖယ်ရှားဖို့ စစ်ကောင်စီက စာထုတ်လိုက်ပါတယ်။
လယ်ယာမြေပေါ် ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ထားတဲ့ နေအိမ်တွေ ၊အဆောက်အဦးတွေနဲ့ ဈေးဆိုင်တွေအနေနဲ့ လာမယ့် ဇူလိုင်လ ၆ရက်နောက်ဆုံးထားပြီး ဖယ်ရှားကြရမယ်လို့ စစ်ကောင်စီရဲ့စာမှာ ဖိအားပေးထားပါတယ်။
ဒါဟာ နောက်ဆုံးအကြိမ်အဖြစ် သတိပေးတာလို့လည်းဆိုထားပါတယ်။
ဖယ်ရှားရမယ့် နေရာတွေကတော့ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင် ကျေးရွာအုပ်စု၊ ကံကောက်ကျေးရွာ လယ်မြေတွေပေါ် ဆောက်လုပ်ထားတာတွေဖြစ်တယ်လို့သိရပါတယ်။
“မနက်အစောကြီးပဲ လမ်းထိပ်မှာ စာလာကပ်သွားတယ်”လို့ နန်းဦးကျေးရွာအုပ်စု ၊ကံကောက်ကျေးရွာမှာနေထိုင်သူတစ်ဦးကပြောပြပါတယ်။
ကံကောက်ကျေးရွာ လယ်မြေပေါ်မှာ လူနေအိမ်ပေါင်း ရာနဲ့ချီပြီး ရှိနေတယ်လို့သိရပါတယ်။