စစ်ကောင်စီတပ်သားတွေစီးနင်းလာတဲ့ဗီဂိုးကားတစ်စီး တနင်္သာရီမြို့နယ်ထဲက တပ်ရင်းနှစ်ခုကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။
မော်တုန်းရွာအခြေစိုက် အမြောက်တပ်ရင်း(၃၀၆) နဲ့ အောက်ကင်းရွာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၅၇) ကြားက အော်ကြီးရွာဘုရားတောင်ခြေအနီးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဒီကနေ့မနက် ၅ နာရီခွဲဝန်းကျင်လောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
မိုင်းဆွဲတိုက်ခိုက်ခံရလို့ ဗီဂိုကားလုံးဝပျက်စီးသွားပြီး ကားပါ်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုလည်း ရှိနိုင််တယ်လို့ သိရပါတယ်။
“ကားမိုင်းထိပြီးတော့ နှစ်ဖက်ပစ်ခတ်မှုဖြစ်သေးတယ်။ ဒီကောင်တွေဘက်က ထိတယ်။ ဖြစ်တဲ့နေရာက သူတို့တပ်ရင်းတွေနဲ့အရမ်းနီးတော့ သိပ်မကြာခင် ပြန်ဆုတ်လိုက်ကြတယ်” လို့ ဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီကားဟာ တနင်္သာရိမြို့နယ်ထဲက ဇဝဲရွာအခြေစိုက် ခမရ (၅၅၆) တပ်ရင်းကနေထွက်လာတဲ့ ကားဖြစ်ပြီး မော်တုန်းက အမြောက်တပ်ထဲကို ခဏဝင်ကာ တနင်္သာရီမြိုပေါ်ကိုဆက်သွားတဲ့အချိန် လမ်းပိုင်းမှာ တိုက်ခိုက်ခံခဲ့ရတာပါ။
အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး တိုက်ခိုက်မှု နောက်ဆက်တွဲအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
အခုလ ၂ ရက်နေ့ကလည်း တနင်္သာရီမြို့အဝင် ဗိုလ်ချုပ်ကြေးရုပ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လကတော့ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းနဲ့ စရဖရုံးတိုက်ခိုက်ခံရမှုအပါအဝင် တိုက်ခိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။