စစ်ကိုင်းတိုင်း ကသာမြို့နယ်၊ ပျဉ်ထောင်လေးကျေးရွာကို ယနေ့(စက်တင်ဘာ ၅ရက်)နံနက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် ဝင်ရောက်စီးနင်းပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
ကသာမြို့နယ်နှင့် ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်စပ်ရှိ ငအိုးကျေးရွာအခြေစိုက် ခလရ(၁၂၁)မှ အင်အား ၂၀၀ခန့်က ယနေ့နံနက် ၄နာရီခွဲခန့်တွင် ဝင်ရောက်လာခြင်းဟု ဒေသခံများကပြောသည်။
” ပျဉ်ထောင်လေးထဲကို ပစ်ဝင်ဝင်လာတာ။ ၁၂၁ တပ်ကကောင်တွေ ဝင်လာတာ။ အရပ်သားနေအိမ်တွေ မီးရှို့နေတယ်”ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပျဉ်ထောင်လေးရွာသည် ရွှေလီမြစ်ကမ်းဘေးတွင် တည်ရှိသည်။ စစ်ကောင်စီတပ်သည် မြစ်ကူးတံတားပေါ်မှတဆင့် ကူးလာပြီး ပျဉ်ထောင်လေးရွာကို စီးနင်းခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
၎င်းက ” ငါးအိုး ၁၂၁ ကနေ တက်လာတဲ့သတင်းရပြီး ငါးမိနစ်လောက်မှာ ဒရုန်းကနေ အရင်ပစ်တာ။ ထိခိုက်မှုမရှိဘူး။ဘကကျောင်းနဲ့ ရွာထဲကို ဝင်မွှေတယ်။ မီးရှို့လို့ ကျေးလက်ကျန်းမာရေးဆေးပေးခန်းအပါအဝင် နေအိမ် ၂၀ခန့် မီးလောင်သွားတယ်”ဟု ဆိုသည်။
နေ့လည် ၁၂နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ကသာခရိုင် တပ်ရင်း (၃)က လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ရာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ညနေပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းသည် ပျဉ်ထောင်လေးရွာ၌ တပ်စွဲထားပြီး နောက်တစ်ကြောင်းမှာ အင်းကြီးကျေးရွာဖက်သို့ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဩဂုတ်နောက်ဆုံးပတ်က ခလရ(၁၂၁)ထံသို့ မြေပြင်မှတဆင့် ရိက္ခာနှင့် လက်နက်ပို့ရန်ကြိုးစားစဉ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့က ဩဂုတ် ၂၈ရက်မှစကာ တိုက်ခိုက်ခဲ့ဖူးသည်။ဩဂုတ် ၂၈ရက်မှ ၃၀ရက်အထိ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦးထက်မနည်းသေဆုံးပြီး ၁၅ဦးခန့် ဒဏ်ရာရခဲ့သည်ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သတင်းရရှိသည်။