ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဒိုပင်ရဲစခန်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်၍ ဖမ်းမိထားသည့် စစ်သုံ့ပန်း ၄ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်က ယမန်နေ့တွင် ရှမ်းမြောက်နေရာ အများအပြားသို့ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ည ၉နာရီခန့်တွင် ဒိုပင်ရဲစခန်းကို ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒိုပင်ရဲစခန်းသည် တအာင်းတပ်မတော် PSLF/TNLAနှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ရရှိထားသည့် စခန်းဖြစ်ပြီး ယင်းရဲစခန်းတွင် ၁၀၂၇စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီ ဒလန်များနှင့် စစ်သုံးပန့်များကို ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။
စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော ပေါင်၅၀၀ဗုံးသည် ဒိုပင်ရဲစခန်းအပေါ်တည့်တည့်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ရဲစခန်းအတွင်း ထိန်းသိမ်းထားသော စစ်ကောင်စီ ဒလန်များနှင့် စစ်သုံးပန့်များ ကျည်ထိမှန်ပြီး လေးဦး သေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။
ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ထိခိုက်မှု ရှိ၊မရှိ အခြေအနေကို ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။
နောင်ချိုမြို့နယ်တွင် TNLA၊ မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး မစတင်မီ ကတည်းက စစ်ကောင်စီတပ်များကို တိုက်ခိုက်နေခြင်းဖြစ်သည်။