ကရင်အမျိုးသားအစည်းအရုံး (KNU ) အုပ်ချုပ်မှုနယ်မြေထဲမှာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူပြည်သူ ၇ သိန်းခွဲကျော် ထိရှိလာပါပြီ။
ဒီစာရင်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ နှစ်ကုန်ပိုင်းအထိ ဖြစ်တယ်လို့ KNU ဗဟိုက ဖော်ပြပါတယ်။
နေရပ်စွန့်ခွာထွက်ပြေးရသူတွေဟာ KNU ရဲ့အုပ်ချုပ်မှု နယ်မြေ ခရိုင် ၇ ခုလုံးမှာ ရှိနေတာတွေ့ရပါတယ်။
KNU ရဲ့အုပ်ချုပ်ရေးမှာ ဒူးသထူခရိုင် (သထုံ) ၊ တောအူး ခရိုင် ( တောင်ငူ) ၊ ခလယ်လွီထူ ခရိုင် ( ညောင်လေးပင် )၊ ဘိတ်-ထားဝယ် ခရိုင် ၊ မူတြော်(ဖာပွန်) ၊ ဒူပလာယာ ခရိုင် (ကြာအင်းဆိပ်ကြီး )နဲ့ ဖားအံခရိုင်ဆိုပြီး ခရိုင် ၇ ခုနဲ့ ဖွဲ့စည်းထားတာပါ။
နေရပ်စွန့်ခွာထွက်ပြေးရသူအများဆုံးဟာ KNU တပ်မဟာ (၃) နယ်မြေ ခလယ်လွီထူခရိုင် ( ညောင်လေးပင်) ဖြစ်ပြီး ၂ သိန်းခွဲနီးပါးရှိတယ်လို့ KNU ရဲ့စာရင်းအရသိရပါတယ်။
တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီး ခရိုင် နဲ့ တပ်မဟာ ၁ နယ်မြေ သထုံခရိုင်တွေဟာလည်း နေရပ်စွန့်ခွာပြေးရသူ တစ်သိန်းခွဲနီးပါးစီ ရှိနေပါတယ်။
အခုလို နေရပ်စွန့်ခွာဦးရေ တိုးလာတာဟာ တိုက်ပွဲတွေမှာ ရှုံးနိမ့်လာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံ လူထုအပေါ် အညှိုးထားပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာ ၊လေကြောင်းတိုက်ခိုက်တာတွေကြောင့်လို့ KNU က ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း ဇန်နဝါရီလ ၁၄ ရက်ကတင် KNU တပ်မဟာ ၁ နယ်မြေထဲ လက်နက်ကြီးနဲ့ပစ်ခံရပြီး ၁၀ တန်းကျောင်းသား နဲ့ ရာဘာခြံလုပ်သား တို့ ထိမှန်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ဖြစ်ထားတယ်လို့ သိရပါတယ်။
KNU အုပ်ချုပ်မှု နယ်မြေတွေထဲမှာ ပြီးခဲ့တဲ့ ၃ နှစ်တာအတွင်း တိုက်ပွဲကြီးငယ် ၄,၆၂၃ ကြိမ်ဖြစ်ခဲ့တယ်လို့ KNU က ဖော်ပြပါတယ်။
ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၅,၀၀၀ကျော် အကျအဆုံးရှိပြီး KNU နဲ့ ပူးပေါင်းတပ်တွေဘက်က ၁၅၄ ဦး ကျဆုံးခဲ့ရတယ်လို့ KNU ရဲ့စာရင်းအရ သိရပါတယ်။