ကရင်အမျိုးသားအစည်းအရုံး-KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ ဇွန်လတိုက်ပွဲအတွင်း ဗိုလ်မှူးကြီးတွေအပါအဝင် စစ်သား ၄၆ ဦးသေဆုံးခဲ့ပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU−ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။
KNU တပ်မဟာ (၆) နယ်မြေမှာ ဇွန်လ ၁ ရက်ကနေ ၃၀ ရက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ရဲ့ စစ်ရေးကွပ်ကဲမှုအောက်ရှိ ပူးပေါင်း စစ်ကြောင်းတွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီး ၅ ကြိမ်၊ တိုက်ပွဲငယ် ၂၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ စစ်ဘက်ဆိုင်ရာ ကြေးနန်းမှတ်တမ်းအရ သိရပါတယ်။
အဆိုပါတိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးကြီး တစ်ဦး၊ ဒု-ဗိုလ်မှူးကြီး တစ်ဦးနဲ့ နယ်ထိန်းရဲ အရာရှိ တစ်ဦး အပါအဝင် စုစုပေါင်း ၄၆ ဦး သေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း ပြည်သူ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး အသက်ပေးလှူခဲ့ရပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။