![9](https://pantaing.com/wp-content/uploads/2024/06/9.jpg)
A soldier stands outside Myanmar's Central Bank during a protest against the military coup, in Yangon, Myanmar, February 15, 2021. REUTERS/Stringer
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်ဒေါ်လာစျေးနှုန်းများ အလွန်မြင့်တက်ချိန် ဟွန်ဒီငွေလွှဲလုပ်သူ လူပုဂ္ဂိုလ် ၁၂ ဦးကို ဖမ်းဆီးပြီး ဘဏ်စာရင်းနှင့် ငွေစာရင်း ၇၄ ကို ပိတ်ပင်လိုက်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ယနေ့ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်သည်။
USDT အပါအဝင် တရားမဝင်ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ် ၁၂ ဦး၏ ဘဏ်ငွေစာရင်း ၃၆ ခုနှင့် Pay Account ၃၈ ခုတို့အား ပိတ်သိမ်းလိုက်ကြောင်း၊ ထို့ပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးဆိုင်ရာ ဥပဒေများနှင့်ပါ တရားစွဲသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က သတင်းထုတ်ပြန်သည်။
လက်ရှိတွင် အဖမ်းအဆီးသတင်းများကြောင့် အမေရိကန်ဒေါ်လာနှင့် မြန်မာငွေလဲလှယ်နှုန်းထားတွင် မြန်မာကျပ်ငွေတန်ဖိုး အနည်းငယ်ပြန်တက်လာကြောင်း၊ သို့ရာတွင် အရောင်းအဝယ်မှာ နည်းပါးပြီး ဒေါ်လာဝယ်ရောင်း အများစု တိမ်းရှောင်နေကြကာ လုပ်ငန်း ရပ်ဆိုင်းထားကြောင်း သိရှိရသည်။
“ဒီနေ့ မွန်းတည့်ပိုင်းမှာ အမြင့်ဆုံး စျေးတက်ခဲ့တယ်။ တစ်ဒေါ်လာ ၄၉၁၀ ကျော်လောက်အထိ တက်တယ်။ ၅၀၀၀ ဆိုတာက ဒေါ်လာ အရွက်လိုချင်တဲ့လူက စျေးပိုပေးဝယ်ရတာ။ ပေါက်စျေးတော့မဟုတ်ဘူး။ အခုတော့ ကျပ်စျေး ပြန်တက်လာတယ်။ အဖမ်းအဆီးသတင်းတွေလည်း အတော်ထွက်နေတယ်” ဟု ရန်ကုန်မှ နိုင်ငံခြားလက်ကြီးငွေလဲဒိုင်က ပြောဆိုသည်။