![19](https://pantaing.com/wp-content/uploads/2024/02/19.jpg)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မရဲစခန်းကို မောင်းသူမဲ့ လေယာဥ်အသုံးပြုပြီး ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ Eagle Guerrilla Force အဖွဲ့ဆီက သိရပါတယ်။
ဇန်နဝါရီလ ၂၉ ရက် မနေ့က ညနေ ၄ နာရီလောက်က ရဲစခန်းထဲက လက်နက်ရုံကို ဗုံးသီး ၃ လုံးနဲ့ ရဲစခန်းတံခါးပေါက်က ဘန်ကာအနီးကို ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ဝန်ထမ်းအိမ်ယာ ၁ လုံးပေါ်ကို ဗုံးသီးပြုတ်ကျပြီး ခေါင်ပေါက်တယ်။ နံရံဘေးကာတွေလည်း ကွာတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ရဲစခန်းထဲမှာ ကုသပေးနေတယ်” လို့ ရွှေဘိုခရိုင် တပ်ရင်း ၁၅မှ ဗိုလ်ကောက်ရိုးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerrilla Force နဲ့ ကြောင်လက်သည်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီရဲစခန်းကို Eagle Guerrilla Forceနဲ့ ပူးပေါင်းအဖွဲ့တွေက မကြာခဏတိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၂၉ ရက်ကလည်း အဆိုပါပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အလားတူ အခုနှစ် ဇန်နဝါရီလ ၁၄ ရက်ကလည်း ဝက်လက်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ ဝက်လက်နယ်ရှီ ဆေးရုံတခုမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်တွေကိုပါ ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။