
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို သတ်ကွင်းပြင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံကိုအောင်မောင်းက ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၃ ရက် နံနက် ၉ နာရီခန့်က ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာမှ သဲတောကျေးရွာဘက်သို့ ထွက်လာသော အင်အား ၆၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းသည် ၆၀ မမ ၊ ၄၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ချီတက်လာစဉ် မီတာ ၂၀ အကွာ သတ်ကွင်းပြင်စောင့်ဆိုင်း ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သားများမှာ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိပဲ အများအပြားသေဆုံးကာ ထွက် ပြေးသူ ထွက်ပြေးဖြင့် ဖရိုဖရဲဖြစ်သွားကြောင်း သိရသည်။
“ခွေးတွေက ကျနော်တို့ အသင့်စောင့်ဆိုင်းနေတဲ့နေရာကို ၅၀ ၊ ၆၀ လောက်က အလုံးအရင်းနဲ့ တက်လာ တာ၊ ကျနော်တို့ဘက်က တေ့ပစ်ရတဲ့ ပုံစံမျိုး၊ ရှေ့ကင်းပုန်း နှစ်ယောက်ဆိုရင် ကျနော်တို့နဲ့ ၁၀ တောင် လောက်ပဲ ဝေးတော့တာ၊ ဓားနဲ့ထွက်ခုတ်ရင်တောင်ရတယ်၊ နောက်မှာ၅၀၊ ၆၀ လောက်က အတန်း လိုက်ပြီးပါလာတာ၊ ကျနော်တို့ ဒီသတ်ကွင်းကို ရွေးလိုက်တာက သူတို့ကလည်း ဝင်လမ်းထွက်လမ်း တစ်ပေါက်တည်း၊ ကျနော်တို့ကလည်း ဝင်လမ်းထွက်လမ်းတစ်ပေါက်တည်းပဲ၊ လမ်းက ကျဉ်းတယ်ဗျ၊ အဲဒီအခြေအနေမျိုးမှာ နောက်က ၅၀ ၊ ၆၀ အတန်းကြီးကို အတောင် ၂၀ အစိတ်အကွာကနေ အော်တို ဆွဲ၊ စက်လက်တွေနဲ့ပစ်တာ၊ အဲဒီအခြေအနေမှာ စစ်ခွေးတွေ သေတဲ့သူသေ၊ ပြေးတဲ့သူကလည်း ထွက် ပြေးကြတယ်၊ ကျနော်တို့ တိုက်ပွဲဖြစ်ပြီးနောက်ပြန်ဆုတ်လာတဲ့အချိန်အထိ ပြန်လည် ပစ်ခတ်နိုင်ခြင်း မရှိခဲ့ဘူး” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံကိုအောင်မောင်းက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Southern YSO PDF ၊ BNRA (ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်) ၊ Yesagyo Revolution Group (YRG) ၊ ဒေါင်းစစ်သည်၊ King Cobra ၊ မြိုင်မြို့နယ် ပကဖ တပ်ရင်း ၁၊ ဒေါင်းသွေးနီ၊ Shwe Nyar Myae People Defence Force တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ပခုက္ကူဆေးရုံကို အလောင်း ၁၈ လောင်းရောက်တယ်၊ ၃ ဦးကတော့ ဆန့်ငင်ဆန့်ငင်နဲ့ သေဖို့ရာများ တယ်၊ ကျန်တဲ့ အသေး စားတို့ အကြီးစားတို့ ထိခိုက်ဒဏ်ရာရတာ ၁၀ ယောက်ကျော်တယ်၊ ကျနော်တို့ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်ဗျ၊” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံကိုအောင်မောင်း က ပြောကြားသည်။