![32](https://pantaing.com/wp-content/uploads/2024/03/32-2.jpg)
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခန် ကျေးရွာရှိ တပ်စခန်းတိုက်ပွဲ စစ်ကူလာသည့် စစ်ကောင်စီတပ်အား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့တွင် ချေမှုန်းနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
တာမခန်စခန်းရရှိရေး ဖေဖော်ဝါရီ ၂၆ရက် ညနေကတည်းက KIAက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်း၊ လေကြောင်း ပစ်ကူဖြင့် ခုခံလျက်ရှိပြီး စခန်းသိမ်းတိုက်ပွဲ ဆက်ရှိနေဆဲဖြစ်သည်။
“မတ်လ ၅ရက် တာမခန်ဘက် စစ်ကူလာတဲ့ စကစ တပ်အင်အား ၆၀ကျော်ကို KIA တပ်မဟာ (၉) ပူးပေါင်းတပ်ဖွဲ့များက အကုန်လုံးကို တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီ။ လက်နက် ၁၀လက်နဲ့ ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိထားပါတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီ၏ စစ်ကူတပ်တွင် ရှမ်းနီ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပါဝင်သည်ဟု ဆိုသည်။
စခန်းရရှိရေးအတွက် တာမခန်စခန်းကို KIAနှင့် PDFများက ဝိုင်းဝန်းပိတ်ဆို့ထားဆဲဖြစ်သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ စစ်ကူတပ်သည် တာမခန်ရွာကို မီးရှို့ခဲ့သည့် စစ်ကြောင်းဖြစ်သည်ဟု KIA သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
“တာမခန်ရွာမီးရှို့တဲ့အဖွဲ့ အင်အား ၁၀၀ နီးပါး ချေမှုန်းခံရ။ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိတယ်။ ကသိုဏ်းတောင်ကနေ စစ်ကူလာတဲ့အဖွဲ့”ဟု KIA သတင်းရင်းမြစ်က ပြောသည်။
KIA အနေဖြင့် ဖားကန့်နှင့် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက်ဆင်နွှဲလျက်ရှိရာ ပြီးခဲ့သည့် ရက်ပိုင်းတွင် မံစီမြို့နယ် မဂျီဂုံတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ဟောင်ဝစ်ဇာအမြောက် အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။
တာမခန်တိုက်ပွဲအပါအဝင် ကချင်ဒေသစစ်ရေး အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။