![20](https://pantaing.com/wp-content/uploads/2023/12/20-7.jpg)
စခန်းသိမ်းတိုက်ပွဲများ၌ အောင်ပွဲရရှေ့တန်းပြန် ရဲဘော်များအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၅ရက်က ကျင်းပခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) – မင်းတပ်က အသိပေးထုတ်ပြန်သည်။
စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ကြသည့် ရဲဘော်များ အားလုံးမစုံနိုင်သော်လည်း ရှေ့တန်းပြန် ရဲဘော်များအား ဂုဏ်ပြု ကြိုဆိုခြင်းအား CDF မင်းတပ်စစ်ဦးစီးချုပ်မှ ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။
“စခန်းကိုပြန်မရောက်နိုင်တဲ့ ရဲဘော်တွေ၊လူနာအဖြစ်ဆေးကုနေရတဲ့ ရဲဘော်တွေအတွက် စိတ်မကောင်းများစွာ ဖြစ်ရပါတယ်”ဟု CDF မင်းတပ်က ထုတ်ပြန်သည်။
CDF မင်းတပ်သည် ဒီဇင်ဘာ ၂၂ရက်က ချင်း-မကွေးနယ်စပ် ဂန့်ဂေါမြို့နယ် မြစ်သာဆည် စစ်ကောင်စီတပ်စခန်း သိမ်းပိုက်သည့်တိုက်ပွဲတွင် ပါဝင်ခဲ့ပြီး CDF မင်းတပ်ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ၉ ဦးဒဏ်ရာရခဲ့သည်။
ဒီဇင်ဘာ ၁၉ ရက်ကလည်း မတူပီ – ပလက်၀ နယ်စပ် မတူပီမြို့နယ် ထယ်ဘွေး စစ်ကောင်စီစခန်း သိမ်းပိုက်သည့် တိုက်ပွဲ၌လည်း CDF မင်းတပ် ပါဝင်ခဲ့ CDF မင်းတပ် ရဲဘော်တစ်ဦး ကျဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သည်။
မင်းတပ် CDFသည် ဒီဇင်ဘာ ၄ရက်မှ ၁၂အထိ မကွေးတိုင်းထီးလင်းမြို့နယ် ရေမျက်နီ တိုက်ပွဲတွင်လည်း မဟာမိတ်တပ်များဖြင့် ပူးပေါင်းဆောင်ရွက် တိုက်ပွဲဝင်ခဲ့ရာ CDFမင်းတပ်ရဲဘော် ၂ဦးကျဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့သည်။
CDF မင်းတပ်အနေဖြင့် စခန်သိမ်းတိုက်ပွဲများ ဆက်လက်ဖော်ဆောင်နိုင်ရန် Project Mindat 2024 ကမ်ပိန်းကိုပြုလုပ်လျက်ရှိရာ ပြည်သူများ အနေဖြင့် ပါဝင်အားဖြည့် ကူညီပေးနိုင်ရန်လည်း အကူအညီတောင်းခံထားသည်။