
တနင်္သာရီတိုင်းဒေသကြီးထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လတစ်လအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၁၈၆ ဦးကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခဲ့သလို အသတ်ခံရတဲ့ အရပ်သား ၉ ဦး ရှိတယ်လို့ ဒေ သအခြေစိုက်သုတေသနအဖွဲ့ ဖြစ်တဲ့ FE5 Tanintharyi က ထုတ်ပြန်ပါတယ်။
အရပ်သားပြည်သူတွေဟာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတာ၊ စစ်ကြောင်းချီတက်ရာ လမ်းတစ်လျှောက် ပေါ်တာဆွဲခံရတာ၊ PDF တွေထံ ထောက်ပို့လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူ ၁၈၆ ဦးအနက် ၁၆၃ ဦး ပြန်လွတ်လာခဲ့ပေမယ့် ၂၃ ဦးကို စစ်ကောင်စီတပ်က ဆက် လက် ဖမ်းဆီးထားသလို တချို့ဒေသခံတွေမှာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးတာတွေ ရှိနေပါတယ်။
ဇူလိုင်လထဲမှာတော့ အရပ်သား ၉ ဦး အသတ်ခံခဲ့ရပြီး ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ကာ ကျန် ၂ ဦးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒလန်အဖြစ်သတ်မှတ် သတ်ဖြတ်တာနဲ့ ၅ ဦးကတော့ လက်သည်မပေါ်ဘူးလို့ ဆိုပါတယ်။
အဲဒီထဲမှာ တနင်္သာရီတိုင်းရဲ့ကော့သောင်းမြို့နယ်က လွဲပြီး ကျန်မြို့နယ် ၉ မြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး တိုက်ပွဲတွေကြောင့် ဒေသခံ ၃၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
တိုက်ပွဲတွေပြင်းထန်နေလို့ တနင်္သာရီတိုင်းထဲမှာ ဒေသတွင်း ပြည်သူတွေအနေနဲ့ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေ အဖက်ဖက်ကကျဆင်းနေပြီး ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတဲ့အတွက် အ ကျပ်အတည်းတွေ ပိုဖြစ်လာတယ်လို့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။