ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိ သေနတ် သမားများက ဝင်ရောက် ပစ်ခတ်ပြီး လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးနှင့် တွဲလျက် ဖွင့်လှစ်ထားသော လက်ဖက်ရည်ဆိုင်တွင် ဌာန ဆိုင်ရာ ဝန်ထမ်းများ လက်ဖက်ရည် သောက်နေစဥ် အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်ပြီး လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့သောကြောင့် ကျောက်မဲမြို့နယ် စည်ပင်အရာရှိနှင့် နမ္မတူ EPC လျှပ်စစ်မှူးတို့ သေဆုံးကာ ၁၀ ဦးကျော်ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” ဒဏ်ရာရတာ အားလုံး ၁၀ ဦးကျော်တယ်။ အားလုံးနီးပါး ဌာနဆိုင်ရာ ဝန်ထမ်းတွေများတယ်။ အဲ့ လက်ဖက်ရည်ဆိုင်က မြို့လည်ခေါင် မြို့တော်ခန်းမ အနောက်မှာဆိုတော့ ဌာနဆိုင်ရာ ရုံးဝန်ထမ်းတွေ အကုန်အဲ့ဆိုင်ထိုင်ကြတာ လက်ဖက်ရည်ဆိုင်နဲ့ အုပ်ချုပ်ရေးမှူးရုံးက တစ်ဆက်တည်းပဲ သေနတ်နဲ့ အရင်ပစ်တာ ပြန်ထွက်ခါနီးမှ လက်ပစ်ဗုံး ပစ်ထည့်ခဲ့တာ သေနတ်မှန်ပြီး ၂ ယောက် နေရာမှာတင်သေတယ်။ ကျန်တဲ့လူက ဗုံးစ မှန်တယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။