![53](https://pantaing.com/wp-content/uploads/2024/03/53-4-1024x701.jpg)
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ ၏ အမြောက်တပ်ရင်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့(မတ်လ ၂၃ရက်) နံနက်တွင် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“စစ်ရေးထူးတယ်။ အမတ(၃၇၀) တပ်ရင်းဌာနကို ဒီမနက် ၇နာရီ ၁၀မိနစ်မှာ သိမ်းလိုက်ပြီ။ မိုးမောက်မြို့နယ်က”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မြစ်ကြီးနား – ဗန်းမော်လမ်း မိုးမောက်မြို့နယ် နောင်ကွန်အခြေစိုက် အမတ(၃၇၀)တပ်ရင်း၊ နွမ်လန့် အခြေစိုက် ခမရ(၄၃၈)တပ်ရင်းနှင့် အမှတ်(၆၁၆) ဒုံးတပ်ရင်းတို့ကို KIAက မတ်လ ၂၁ရက်တွင် ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ရာ ယင်းနေ့၌ပင် ဒုံးတပ်ရင်းနှင့် ခမရ(၄၃၈)တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့တွင် အမတ(၃၇၀) ကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ယနေ့ စခန်းသိမ်းတိုက်ပွဲအတွင်း အမြောက်တပ်ရင်း(၃၇၀)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မိုးမောက်မြို့နယ်တွင် စစ်ကောင်စီ၏ အဓိက တပ်စခန်းများ ကျန်ရှိနေပြီး စစ်ဆင်ရေးဆက်ရှိနေမည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIA အနေဖြင့် မတ်လ ၇ရက်မှစ၍ စစ်ကောင်စီတပ်စခန်းများစွာကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ထိုးစစ်နှစ်ပတ်ကျော်အတွင်း မိုးမောက်၊ ဝိုင်းမော်၊ လိုင်ဇာ၊ ဆွမ်ပရာဘွမ်၊ တနိုင်းနှင့် ဖားကန့် ဒေသများရှိ စစ်ကောင်စီတပ်စခန်း ၄၀ခန့်ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။
သိမ်းပိုက်ထားသည့် စစ်စခန်းများ၌ စစ်ရေးအရအရေးကြီးသည့် ဗျူဟာစခန်း ၁၀ခုကျော် ပါဝင်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ယနေ့ အမြောက်တပ် အမတ(၃၇၀)အား သိမ်းပိုက်နိုင်မှုနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲများအတွင်း ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံကို KIAက သိမ်းပိုက်ရရှိခဲ့သော်လည်း လက်နက်ခဲယမ်းရရှိမှု၊ ထိခိုက်ကျဆုံးမှု ၊ ဖမ်းဆီးရရှိမှုအခြေအနေများကို KIAဘက်က တရားဝင်သတင်းထုတ်ပြန်လေ့မရှိပေ။