![6](https://pantaing.com/wp-content/uploads/2024/03/6-17.jpg)
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ်လိုင်ဇာအနီး၊ဝိုင်းမော်မြို့နယ်ရှိ ၊ နားဖော့ ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို KIA က ယနေ့ (မတ် ၂၁ )မနက်တွင်ဆင်လက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စခန်း ၂ခု ထပ်မံ သိမ်းရသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
နားဖော့ဒေသ၌ ယမန်နေ့တွင်တိုက်ပွဲ တစ်နေကုန်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ ပေးတိုက်ခိုက်နေသည့်ကြားမှ ဒေသတွင်းရှိ တပ်စခန်း ၅ခုအနက် စခန်း ၂ခုကို မတ်လ ၂၀ရက်တွင်လည်းကောင်း၊ စခန်း ၂ ခုကို ယနေ့မတ်လ ၂၁ရက်တွင်လည်းကောင်း သိမ်းရခြင်းဖြစ်သည်ဟု သိရသည်။
“နားဖော့ ။ လိုင်ဇာဝန်းကျင်က နားဖော့နဲ့ ဘူဂါရှန်တပ်စခန်း နှစ်ခု။ နားဖော့ကဗျူဟာမှူးထိုင်တဲ့တပ်။ အဲဒီ တပ်စခန်း ၂ခုကို ဒီမနက် ၆နာရီ ဝန်းကျင်မှာ သိမ်းလိုက်ပြီ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “နားဖော့မှာတပ်စခန်း အကုန်လုံးသိမ်းလိုက်ပြီတဲ့” ဟုပြောသည်။ နားဖော့ဗျူ အပြီးသတ် သိမ်းနိုင်ခြင်းရှိမရှိ ဆက်လက် အတည်ပြုနေဆဲဟုလည်း ၎င်းကဆက်ပြောသည်။
နားဖော့ တပ်စခန်းသည် အဆိုပါ ဒေသ၌ လွန်ခဲ့သည့် နှစ်ပေါင်း ၃၈နှစ်ခန့် ၁၉၈၆ ခုနှစ်ကတည်းက တပ်စွဲထားသည့် တပ်စခန်းကြီးဖြစ်သည်ဟု KIA ကအသိပေးသည်။
အဆိုပါတပ်စခန်းအပါအဝင် နားဖော့ဒေသရှိ တပ်စခန်းများကိုသိမ်းပိုက်နိုင်ရေးအတွက် မတ်လ၁၇ရက်ကတည်းက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ၅ ရက်အတွင်း အဓိကတပ်စခန်းများကို KIAက သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။
နားဖော့တပ်စခန်းအပါအဝင် ဒေသတွင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်များ သေဆုံးထိခိုက်၊လက်နက်ခဲယမ်းရရှိမှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီတပ်က ဝိုင်းမော်မြို့နှင့် တာလောကြီးကျေးရွာကြားရှိ ဆန်ခ တံတားကို မတ်လ ၁၉ရက်တွင် ဗုံးဖောက်ခွဲဖျက်ဆီးခဲ့သည်ဟုလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
စစ်ရေးအရ အထိနာနေသည့် စစ်ကောင်စီတပ်သည် လမ်းများကို ဖျက်ဆီးခြင်း၊ တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်း၊ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ယခု ဖျက်ဆီးခဲ့သည့် ဆန်ခ တံတားသည် ပြည်သူများ အသုံးပြုနေသည့် တံတားဖြစ်ကြောင်း KIAက အသိပေးဖော်ပြခဲ့သည်။
KIA ကမတ်လ ၇ ရက်မှ စ၍ ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်စခန်းအကြီးအသေး ဒါဇင်နှင့်ချီ သိမ်းဆည်းပြီးကျန်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။