![38](https://pantaing.com/wp-content/uploads/2024/03/38-5.jpg)
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့ ရဲစခန်းသည် အလံဖြူထောင်ပြီး လက်နက်ချလာကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ယမန်နေ့ညပိုင်း၌ အသိပေးဖော်ပြသည်။
ဆွမ်ပရာဘွမ်ရဲစခန်းက အလံဖြူထောင် လက်နက်ချပြီး စခန်းမှူးအပါအဝင် ၁၃ဦးအလင်းဝင်လာသည်ဟု ဖော်ပြထားသည်။
ဆွမ်ပရာဘွမ်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ မလိယန်စခန်းကို KIA၊ KPDFနှင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်(KPF) ပူးပေါင်းတပ်က မတ်လ ၈ရက် ညသန်းခေါင်၌ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရဲစခန်းကလည်း လက်နက်ချလာခြင်းဖြစသ်ည်။
စစ်ကောင်စီတပ်၏ မလိယန်စခန်းသည် ဆွမ်ပရာဘွမ်မြို့နှင့် ၁၈မိုင်သေးသည့် မလိခမြစ်ကမ်းဘေး၌ ရှိပြီး အင်အား ၅၀ခန့်ရှိ သည်ဟု ဆိုသည်။မလိယန်စစ်ကောင်စီတပ်စခန်းသည် ဆွမ်ပရာဘွမ်မြို့ကိုထိန်းချုပ်ရာ၌ အရေးပါသည့် စခန်းတစ်ခုဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးသည်။
ဇန်နဝါရီ ၅ရက်ကလည်း ခေါင်လန်ဖူးမြို့နယ် ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်စခန်းကို KIA၊ KPDF နှင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF)တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်
KIAသည် မတ်လ ၇ရက်ကစ၍ လိုင်ဇာအနီး စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ စစ်ဆင်ရေး သုံးရက်အတွင်း စစ်ကောင်စီတပ်စခန်း ၂၀ ခန့်ကို သိမ်းပိုက်ထားပြီးဖြစ်သည်။ လိုင်ဇာအနီး စခန်းများအပြင် ဆွမ်ပရာဘွမ် မလိယန်စခန်း၊ ဖားကန့် တာမခန်စခန်းများကိုလည်း သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ထိုးစစ်သုံးရက်အတွင်း စစ်ကောင်စီတပ်ရင်း ၁ခု ၊ တပ်စခန်းငယ် ၂ခုလည်း လက်နက်ချခဲ့သည်။ ဒေါ့ဖုန်းယန်အခြေစိုက် ခလရ(၁၄၂) တပ်ရင်းသည် မတ်လ ၈ရက် နံနက်တွင် လက်နက်ချခဲ့ခြင်းဖြစ်သည်။
ဌာနချုပ် လိုင်ဇာအနီးတိုက်ပွဲဖော်ဖော်လာသည်နှင့်အမျှ KIA တပ်မဟာနယ်မြေ အသီးသီး၌ စစ်ကောင်စီနှင့်တိုက်ပွဲများဖြစ်ပွားနေသည်ဟု KIA သတင်းပြန်ကြားရေးက အသိပေးထားသည်။