![103](https://pantaing.com/wp-content/uploads/2023/12/103.jpg)
ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ဖြစ်တဲ့ ဆီဆိုင်မြို့နယ်မှာ စက်သုံးဆီကို ဂါလန်ပုံးနဲ့ ဝယ်ယူသူတွေအနေနဲ့ ရပ်ကွက်ထောက်ခံစာပါမှသာ ရောင်းချပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၅ရက်က စတင်ပြီး စက်သုံးဆီကို ဂါလံပုံးနဲ့ ဝယ်ယူရာမှာ ရပ်ကွက်ထောက်ခံစာ ယူရတာဖြစ်ပြီး ရပ်ကွက်ထောက်ခံစာပြပြီး စက်သုံးဆီဝယ်ယူသူတွေကို မြင်တွေ့ရတယ်လို့ ဆီဆိုင်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကျနော်တို့မြို့နယ်မှာက ဂါလံပုံးနဲ့ ဝယ်တဲ့သူ သိပ်မရှိဘူး။ ထွန်စက်သမားတွေ ပြောင်းကြိတ်သမားတွေလောက်ပဲ ဝယ်ကြတယ်။ တစ်ပုံးကုန်မှ တစ်ပုံးဝယ်ကြတာ အများကြီးဝယ်မထားကြဘူး။ ဝယ်လှောင်တဲ့လူ မရှိသလောက်ပဲ” လို့ သူက ပြောပါတယ်။
အခုလို ရပ်ကွက်ထောက်ခံစာပါမှ ရောင်းချပေးတာဟာ ကရင်နီပြည်နယ်ဘက်ကို စက်သုံးဆီသယ်ယူမှာကို တားဆီးချင်တဲ့အတွက် စစ်ကောင်စီက လုပ်ဆောင်တာဖြစ်တယ်လို့လည်း အဲဒီဒေသခံက သူ့ရဲ့အမြင်ကို ပြောပါတယ်။
ဆီဆိုင်မြို့နယ်မှာ ဒီရက်ပိုင်းအတွင်း စစ်ဘေးရှောင်တဲ့သူတွေလည်း များပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်းကနေ ကရင်နီဘက်ကို စက်သုံးဆီ မသယ်ယူနိုင်အောင် တားဆီးဖို့အတွက် စစ်ကောင်စီက ရှမ်းတောင်က စက်သုံးဆီလုပ်ငန်းရှင်တွေကို ပီပါလိုက်၊ ဂါလံပုံးလိုက် ရောင်းချတာမျိုး မလုပ်ဖို့ ဒီဇင်ဘာလ ၁ရက်နေ့က ခေါ်ယူလက်မှတ်ရေးထိုးခိုင်းထားပါတယ်။
ဆီဆိုင်မြို့နယ်ဟာ ဟိုပုံးမြို့နယ်နဲ့ ကပ်လျက်တည်ရှိပေမယ့် စက်သုံးဆီဈေးနှုန်းက ၂ဆခန့်ပိုများနေပြီး ၉၂ တစ်လီတာကို ဟိုပုံးမြို့နယ်မှာ ကျပ် ၂၃၀၀ ဝန်းကျင်သာရှိပေမယ့် ဆီဆိုင်မှာတော့ တစ်လီတာကို ကျပ် ၄၀၀၀ ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။