![95](https://pantaing.com/wp-content/uploads/2023/06/95-1.jpg)
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ ခြေမြန်တပ်ရင်း (ခမရ-၅၃၂) ၊ ဒေါပုံမြိုနယ်နှင့် မြောက်ဒဂုံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ တရားရုံးနှင့် ရဲစခန်း တို့ကို ယမန်နေ့ ဇွန် ၁၈ ရက် ညပိုင်းတွင် ဗုံး ကိုး လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန် မြို့ပြ ပြောက်ကျားအဖွဲ့ထံက သိရသည်။
ယမန်နေ့ ည ၈ နာရီခန့်က လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းမပေါ် တပ်ထိပ်ရှိ ခမရ -၅၃၂ တပ်ရင်းအနီးတွင် ဗုံးများ စတင်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒေါပုံမြို့နယ်ရှိ အရှေ့ပိုင်းခရိုင်တရားဥပဒေရုံးနှင့် မြောက်ဒဂုံမြို့နယ် (၄၈) ရပ်ကွက် ဘုရင့်နောင်လမ်းနှင့် အောင်ဆန်းသူရိယလှသောင်းလမ်း ထောင့်ရှိ ထား၀ယ်ချောင်ရဲစခန်းတို့ကို ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“စစ်ကောင်စီတပ်ရယ်၊ တရားရုံးနဲ့ထား၀ယ်ချောင် ရဲစခန်းကို ဗုံးကိုးလုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ အထိအခိုက်ကိုတော့ သေချာမသိရသေးဘူး။ ရဲဘော် တွေအနေနဲ့ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု မြေပြင်ရှိ ရဲဘော်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြော သည်။
အဆိုပါတိုက်ခိုက်မှုကို Anonymous Fighters Force- AFF၊ Freeland Attack Force-FLA နှင့် Emerald Girls Army-EGA တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဗိုလ်တထောင်ခရိုင်နှင့် သင်္ဃန်း ကျွန်းခရိုင် ဥပဒေရုံးများအတွင်း မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးများတွေ့ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံက သိရသည်။