![27](https://pantaing.com/wp-content/uploads/2024/04/27-13.jpg)
Soldiers advance to disperse protesters during a protest against the military coup in Yangon, Myanmar, 03 March 2021. EPA-EFE FILE/STRINGER
စစ်အာဏာသိမ်းမှု ကျူးလွန်သူများနှင့် ပတ်သက်ဆက်နွှယ်သူများ၊ အဖွဲ့အစည်းများအား အရေးယူပိတ်ဆို့ထားခြင်းကို တစ်နှစ်ထပ်မံသက်တမ်းတိုးမြှင့်ကြောင်း ဥရောပသမဂ္ဂ(EU)က ယမန်နေ့(ဧပြီ ၂၆ ရက်)တွင် ကြေညာသည်။
အီးယူ၏ အရေးယူပိတ်ဆို့မှုစာရင်းတွင် လူပုဂ္ဂိုလ် ၁၀၃ ဦး၊ အဖွဲ့အစည်း ၂၁ ခုပါဝင်ပြီး ၎င်းတို့သည် ပိုင်ဆိုင်မှုများထိန်းသိမ်းခံရကာ ထောက်ပံ့မှု သို့မဟုတ် စီးပွားရေးဆိုင်ရာအရင်းအမြစ်များ တားမြစ်ခံထားရသည်။ ဒဏ်ခတ်ပိတ်ဆို့ခံရသည့် လူပုဂ္ဂိုလ်များသည်လည်း ဥရောပသိို့ ခရီးသွားလာခွင့် ပိတ်ပင်ခံထားရသည်။ အဆိုပါအရေးယူမှုအားလုံးကို ဥရောပကောင်စီက ၂၀၂၅ ဧပြီိ ၃၀ ရက်အထိ တစ်နှစ်သက်တမ်းတိုးမြှင့်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံမှာ (စစ်ကောင်စီရဲ့)ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီကို ထိခိုက်စေတဲ့လုပ်ဆောင်မှုများအပါအဝင် ဆက်လက်ဆိုးရွားနေဆဲအခြေအနေများအပေါ် သုံးသပ်မှုနဲ့ အရေးယူမှုအစီအမံများကို နှစ်ပတ်လည်ဆန်းစစ်မှုအပေါ် အခြေခံပြီး အခုလို ဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ” ဟု ဥရောပကောင်စီက ထုတ်ပြန်ချက်၌ ဖော်ပြသည်။
အခြားသော အီးယူ၏ အရေးယူမှုများတွင် စစ်လက်နက်များ ပိတ်ဆို့ခြင်းနှင့် ဆက်သွယ်စောင့်ကြည့်ရေးကရိယာများ တင််ပို့မှုတားမြစ်ချက်များကို ယခင်အတိုင်းဆက်လက် ဒဏ်ခတ်ပိတ်ဆို့ရန် ဆုံးဖြတ်ခဲ့သည်။
“စစ်ကောင်စီရဲ့ ဖိနှိပ်တဲ့လုပ်ရပ်များဟာ ကိုယ့်ပြည်သူအပေါ် ဆင်ခြင်မှုမရှိ အကြမ်းဖက်တာ၊ အခြေခံလူ့အခွင့်အရေးကို ဆိုးရွားစွာချိုးဖောက်တာ၊ တရားမျှတမှုနဲ့ လူသားဆန်မှုဆိုင်ရာ အခြေခံမူတွေကို ပြောင်းပြောင်းတင်တင်လျစ်လျူရှုတာ သိသာထင်ရှားခဲ့ပါတယ်” ဟု အီးယူက ဖော်ပြသည်။