![14](https://pantaing.com/wp-content/uploads/2023/07/14-5.jpg)
Thomas Andrews, United Nations Special Rapporteur on the situation of human rights in Myanmar (OHCHR), speaks about the human rights situation in Myanmar, during a press conference at the European headquarters of the United Nations in Geneva, Switzerland, 06 July 2023. EFE-EPA/MARTIAL TREZZINI
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက ကယ်ဆယ်ရေးလုပ်သား ၄၀ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ၂၀၀ ဦးဖမ်းဆီးခံထားရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ကြာသာပတေးနေ့က ဂျီနီဗာမှာ ကျင်းပတဲ့လူ့အခွင့်အရေးကောင်စီပုံမှန်အစည်းအဝေး၊ မြန်မာနိုင်ငံအရေးတင်သွင်းရာမှာ အခုလို ထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ သတင်းထောက်တွေရဲ့ အသံတွေကိုဖိနှိပ်ထားပြီး မတရားဖမ်းဆီးမှုတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့လည်းသူကပြောပါတယ်။
“ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၉၃၇၇ ဦးကို လွှတ်ပေးဖို့ စစ်တပ်ကိုတိုက်တွန်းချင်ပါတယ်။ ပြီးတော့ လက်ရှိမြန်မာနိုင်ငံအခြေအနေတွေကို နိုင်ငံတကာရာဇ၀တ်ခုံရုံးကိုလွှဲပြောင်းပေးဖို့လည်း လုံခြုံရေးကောင်စီကိုတိုက်တွန်းချင်ပါတယ်” လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk ကပြောကြားခဲ့တာဖြစ်ပါတယ်။
စုံစမ်းလို့ရတဲ့စာရင်းတွေအရ ၂၀၂၁ ခုနှစ်၊ အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစပြီး လက်ရှိအထိ ပြည်သူ ၃၇၄၇ ဦးကို သတ်ဖြတ်ခဲ့ကာ ပြည်သူ ၂၃၇၄၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ကော်မရှင်နာရဲ့အဆိုအရ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ အခုနှစ်လေကြောင်းတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၂၀၂၃ ခုနှစ် ပထမခြောက်လမှာ ၃၃ ရာခိုင်နှုန်းနဲ့ ၈၀ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ကာ အိမ်ခြေ ၇ သောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ကျေးရွာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဝတ်ပြုရာနေရာတွေအပါအဝင် အရပ်သားဒေသများကို အဓိကပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဆိုပါတယ်။