စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ရှိ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာ နေရာလေးခုအား တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ယနေ့ သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၂၀ ရက်က ဘုတလင်မြို့ရှိ စစ်ကောင်စီတပ်စွဲထားသော မြို့နယ်ရဲစခန်းနှင့် ကြောင်ပန်းစစ်ဆေးရေးဂိတ်အား မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးသုံးကြိမ်ချ တိုက်ခိုက်ခဲ့ကြောင်း Chindwin Brothersအဖွဲ့က အသိပေးသည်။
စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းအဖွဲ့က ဆိုသည်။
အောက်တိုဘာ ၂၁ ရက်ကလည်း ဘုတလင်မြို့မီးသတ်ဦးစီးဌာနရုံးနှင့် သစ်တောဦးစီးဌာနရုံးရှိ စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Brothersအဖွဲ့က ထပ်မံအသိပေးသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ငါးဦးထိခိုက်မှုရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။
“စခန်းရှေ့ကို ချတာ။ စခန်းလည်း ထိတယ်။ ဂိတ်လည်း ထိတယ်။ မီးသတ်ရုံးဘက်မှာပိုများတယ်”ဟု Chindwin Brothersအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
သို့သော် ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါတိုက်ခိုက်မှုများကို Chindwin Brothers၊ B21 ကနီ၊ ကိုဘရာအဖွဲ့၊ အုပ်ကြီးနှင့်အဖွဲ့၊ တပင်ရွှေထီးနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
အောက်တိုဘာ ၁၄ ရက်မှ ၁၈ ရက်ကလည်း ဘုတလင်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာများအား မောင်းသူမဲ့လေယာဥ်ဖြင့် ဗုံးချတိုက်ခိုက်ခံရသေးသည်။