![98](https://pantaing.com/wp-content/uploads/2024/04/98-1-1024x771.jpg)
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ရှိ စည်ပင်သာယာစျေးကြီးတွင် ယမန်နေ့ညပိုင်း မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၄၃၀ ခန်းနှင့် နေအိမ် ၁၀ လုံး ပြာကျ မီးလောင်သွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဧပြီလ ၂ ရက်နေ့ ည ၇ နာရီအချိန်မှစတင်၍ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ စည်ပင်သာယာစျေးတွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး တစ်စျေးလုံး မီးလောင်ပြာကျသွားသည့်အပြင် နေအိမ် ၁၀ လုံးအထိ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ၊ ည ၁၀ နာရီဝန်းကျင်မှ မီးညွှန့်ကျိုးပြီး မီးထိန်းနိုင်ခဲ့ကြောင်း သိရှိရသည်။
“ဝါယာရှော့ခ်ကနေ မီးစလောင်တယ်ဆိုပြီး လောလောဆယ်တော့ ပြောကြတယ်။ တစ်စျေးလုံးကုန်သွားပြီ။ ကျေးရွာ ၁၅ ရွာနဲ့ ရွာ ၂၀ လောက်က အဲ့စျေးကိုပဲ အမှီထားပြီး အားကိုး ရောင်းဝယ် လုပ်စားနေရတာ။ ဆိုင်ခန်း ၄၃၀ ကျော် ကုန်သွားတယ်။ လူနေအိမ် ၁၀ လုံးလောက်လည်း မီးကူးစက်ပြီး ပြာကျတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။