![46](https://pantaing.com/wp-content/uploads/2023/11/46-5.jpg)
ကရင်နီပြည်နယ်က တော်လှန်ရေး အင်အားစုတွေထံ ပို့ဆောင်မယ့် လက်နက် အများအပြား နိုဝင်ဘာလ ၁၆ ရက်နေ့၊ ညနေပိုင်းက ဖမ်းဆီးရမိ ခဲ့တယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်ပါတယ်။
ပင်လုံမြို့နယ်၊ ပန်မုန့် ကျေးရွာအုပ်စု၊ လွယ်တပ်ကျေးရွာနေ New Power စက်သုံးဆီဆိုင် ပိုင်ရှင် ခွန်သောင်းထွန်း ဖမ်းဆီးခံရပြီးနောက် ပေတူး (ခ) မာရီယိုနို၊ ခွန်အောင်မင်း၊ ခွန်နေမျိုး၊ ကျော်ဇင်ထွန်း၊ ခွန်အောင်ကျော်မြင့်၊ ခွန်အောင်ကျော်တို့ ၆ ဦးကို ထပ်မံ ဖမ်းမိတယ်လို့ ဆိုပါတယ်။
ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ ပေတူးရဲ့ နေအိမ် ကားဂိုထောင် ထဲက RPG ၁၂ လက်၊ တရုတ် စက်လတ် ၉ လက်၊ Type-81 မောင်းပြန်ရိုင်ဖယ် ၁၀၉ လက်၊ လက်နက်ငယ်ပြောင်း အပို ၅၀၀၊ RPG ဒုံးသီး ၁၀၆ လုံး၊ အီနာဂါ ဗုံးသီး ၆,၁၀၀ လုံး၊ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၁,၄၂၆ လုံး၊ ၇ ဒသမ ၆၂ ကျည် ၁၃,၆၇၀ တောင့်၊ ၁၀၇ မမ စနက်အုံ ၁၀၀ ခု၊ တရုတ်စက်လတ် ကျည်အိမ် ၂၉ ခု၊ ကျည်အိမ် မျိုးစုံ ၁,၈၀၀ ခု၊ TNT ယမ်း ၉၅၀ ကီလိုဂရမ်၊ အမိုနီယမ် နိုက်ထရိတ် ၂၀၀ ကီလိုဂရမ်၊ Equipment ၂,၀၀၀ စုံ စတဲ့ လက်နက် ခဲယမ်းတွေ ဖမ်းမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူ တစ်ဦးက “ဂျင်းမဟုတ်ဘူး အစစ်။ လုပ်ဇာတ် မဟုတ်ဘူး။ အဖမ်းခံရတဲ့ ၆ ယောက်ထဲက တစ်ယောက်ရဲ့ မိသားစုက စစ်တပ် ထောက်ခံသူတွေ။ ကျန်တာတော့ ပြောလို့ မရသေးဘူး” လို့ မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒါ့အပြင် ဂိုဒေါင်အတွင်း ရပ်ထားတဲ့ Canter အမျိုးအစား ၆ ဘီးကား ၃ စီး၊ Ford အမျိုးအစား ကားတစ်စီးနဲ့ Vigo အမျိုးအစား ကားတစ်စီး ဖမ်းမိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်-KNDF ကို ဆက်သွယ် မေးမြန်းပေမယ့် လက်ရှိ အချိန်အထိ ဆက်သွယ်လို့ မရသေးပါဘူး။