![16](https://pantaing.com/wp-content/uploads/2024/04/16-1-e1712388016100.jpg)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင်ဗျူဟာမှူးဦးစီးတဲ့ စစ်ကောင်စီရဲ့ ခမရ (၃၅၅)၊ ခမရ (၃၅၆)၊ ခမရ (၃၅၇)၊ တပ်မ (၄၄) ထုတ်နှုတ်စုပေါင်းစပ်ပေါင်းအဖွဲ့အပါအဝင် နောက်ထပ် တပ်ရင်း (၁) ရင်း စုစုပေါင်းအင်အား (၄၀၀) ကျော်လက်နက်ချသွားတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်ကတစ်ဆင့် သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ခလရ (၂၇၅) တပ်ရင်းမှာလည်း မှီခိုရဲမေနဲ့ မိသားစုတွေကို ဒီကနေ့ (ဧပြီလ ၆ ရက်) မနက်ပိုင်းမှာထွက်ခွါခွင့်ပေးလိုက်ပြီး တပ်တွင်းမှာ စစ်ကောင်စီရဲ့ တပ်မ (၄၄) တပ်မမှူးဦစီးတဲ့ တပ်မရုံးအဖွဲ့၊ တပ်ရင်းတွေကနေ ထုတ်နှုတ်အဖွဲ့၊ အမြောက်တပ်စု၊ ထိုင်းကနေပြန်ပို့လာတဲ့ ခမရ (၅၅၇)၊ ခမရ (၅၅၈) က အင်အား ၇၀ ကျော်နဲ့ တပ်ပြင်လှုပ်ရှားတပ်ရင်း (၁) ရင်းသာကျန်တော့တယ်လို့ ရှေ့တန်းအရင်းအမြစ်ကပြောပါတယ်။
တစ်လကျော်ကြာမြှင့်လာတဲ့ သင်္ဃန်းညီနောင်တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ ခမရ (၃၅၅)၊ ခမရ (၃၅၆)၊ ခမရ (၃၅၇) နဲ့ သင်္ဃန်းညီနောင်ဗျူဟာကုန်းကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး မြဝတီမြို့အဝင်ရှိ ခလရ ၂၇၅ ကိုလည်း ဝိုင်းဝန်းတိုက်ခိုက်ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ၁၂၀ (မမ) အမြောက်အမြားအပါအဝင် လက်နက်ခဲယမ်း အများအပြားနဲ့ စစ်ကားတွေကို သိမ်းဆည်းရမိကြောင်း သိရပါတယ်။
လက်ရှိ မြဝတီမြို့မှာ တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ အားလုံး ပြတ်တောက်နေပြီး မြန်မာဆင်းမ်ကဒ်တွေ အားလုံးသုံးမရကြောင်းနဲ့ ထိုင်းဆင်းမ်ကဒ်တွေ သုံးနေရကြောင်း မြဝတီဒေသခံတစ်ဦးက ပြောပါတယ်။