![25](https://pantaing.com/wp-content/uploads/2023/11/25-5.jpg)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်၊ ပါစင်ကျော်ကျေးရွာအနီးတွင် လောက်ကိုင်မြို့မှ ထွက်ခွာလာသော စစ်ဘေးရှောင် ပြည်သူ ၁၀၀၀ ကျော် ပိတ်မိနေပြီး ယနေ့တွင် စစ်တပ်က ရွာအနီးရှိ တောင်များကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပိတ်မိနေသော စစ်ဘေးရှောင် ပြည်သူများ ၀ရုန်းသုန်းကား ထွက်ပြေးရကြောင်း စစ်ဘေးရှောင် ပြည်သူများက ပြောဆိုသည်။
“ဒီနေ့ ခုနား အဲဒီနားက တောင်ပေါ်ကို လေယာဉ်နဲ့ ဗုံးကျဲနေတာ။ လူတွေအကုန်လှည့်ပြန်လာရတာ။ လူတွေက ဖုန်းနဲ့ ဆိုင်ကယ်တွေ အကုန်ထားပြီး ရောင်း ပြီး ပြန်ကြရတာ။ အခုတော့ လေယာဉ်နဲ့ ဗုံးကျဲလို့ အကုန် လှည့်ပြန်လာရတယ်” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။
ယမန်နေ့ကလည်း လောက်ကိုင်မြို့နယ်၊ ပါစင်ကျော်ရွာဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် ပြည်သူများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် လောက်ကိုင်မြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ပါစင်ကျော်ရွာဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးကာ ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လောက်ကိုင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေပြီး လောက်ကိုင်မြို့မှ ထွက်ခွာလာသော စစ်ဘေးရှောင် ပြည်သူများသည် ပါစင်ကျော်ရွာ အနီး ပိတ်မိနေကာ လမ်းဖွင့်ပေးရန် စစ်ဘေးရှောင် ပြည်သူများက တောင်းဆိုနေကြသည်။
နိုဝင်ဘာလ ဆန်းပိုင်း လောက်ကိုင်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ခန့် ထွက်ပြေးလာပြီးနောက် လမ်းခုလတ် ပါစင်ကျော်ကျေးရွာအနီးတွင် စစ်ဘေးရှောင် ပြည်သူများကို ရှေ့ဆက်မသွားရန် လက်နက်ကိုင်အဖွဲ့များက တားဆီးထားပြီး ဖုန်းနှင့်အိတ်များအားလုံးကို သုံးစွဲခွင့်မပြုဘဲ စုပုံထားရကြောင်း၊ လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး လက်နက်ကြီးသံများလည်း ကြားနေရကြောင်း၊ စားသောက်ကုန်စျေးနှုန်းများမှာလည်း ထိုးတက်လျက်ရှိကြောင်း၊ လက်ရှိတွင် စစ်ဘေးရှောင် ပြည်သူများမှာ ပိတ်မိနေကြသဖြင့် စားဝတ်နေရေးပါ ခက်ခဲနေကြောင်း သိရှိရသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က လောက်ကိုင်ဒေသကို ပြန်လည်ရရှိရေး စစ်ဆင်ရေး အရှိန်အဟုန်တိုးမြှင့်လျက်ရှိကြောင်း တရားဝင် ထုတ်ပြန် ပြောဆိုထားသည်။
See Translation
![](https://scontent-sin6-2.xx.fbcdn.net/v/t39.30808-6/398998994_696595779234698_3975485155302206746_n.jpg?stp=dst-jpg_s960x960&_nc_cat=108&ccb=1-7&_nc_sid=5f2048&_nc_eui2=AeErlSKoY1k-ODDTzUVd3HSzknyDAQWV1A6SfIMBBZXUDmK-kr2N420BDY3vSIFgq-YTkdtA7xiN2rg0pc44bI7X&_nc_ohc=QySdhtI1q4IAX-UYh7W&_nc_ht=scontent-sin6-2.xx&oh=00_AfBl5MfLok5r_ZT-o6WxVleEyWZL-luc_kY3HVohi01v7A&oe=6553AB7D)
![](https://scontent-sin6-4.xx.fbcdn.net/v/t39.30808-6/399040306_696595835901359_356424740104374013_n.jpg?stp=dst-jpg_s960x960&_nc_cat=103&ccb=1-7&_nc_sid=5f2048&_nc_eui2=AeHYzmUkL77Zif1Epn8MaMIx54Lvg9aKOCjngu-D1oo4KI29jqytvlatvZJ8aA-We22MFd9E-PUU1qQkpHdAOvbS&_nc_ohc=3XdSwL-cEVgAX86bu3p&_nc_ht=scontent-sin6-4.xx&oh=00_AfBzSy3TnfZulioUzruT3o6CBzPhO0VmmoxCpc3ipmiGtQ&oe=65557B3B)
All reactions:
10K10K