![13](https://pantaing.com/wp-content/uploads/2024/05/13-1.jpg)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အခြေခံ လေ့ကျင့်ရေးတပ် စခတ(၈)နှင့် အမှတ်(၁၂)ခြေမြန်တပ်ရင်း ခမရ(၁၂)အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မတစ်ထောင်တစ်ကောင်ဘွား (ဒီပဲယင်း)အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ဧပြီ ၂၅ရက် ညနေ ၅နာရီခွဲခန့်က ရွှေဘိုမြို့ အခြေခံလေ့ကျင့်ရေးတပ် စခတ(၈)အား Drop Boom ငါးလုံး၊ ကျောက်မြောင်းမြို့ ခမရ (၁၂)တပ်ရင်းအား Drop Boom သုံးလုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မတစ်ထောင် တစ်ကောင်ဘွား (ဒီပဲယင်း)အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် Drop Boom များ ကျရောက်ပေါက်ကွဲပြီးသည်နှင့် တပြိုင်နက် Rocket လေးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“ခု ကျွန်တော်တို့ မစ်ရှင်က စခတ(၈)ဆိုတာက ရွှေဘိုမြို့ရဲ့ အကြီးဆုံးတပ် ဖြစ်တယ်။ ပြီးတော့ ခမရ (၁၂)ဆိုတာကလည်း ကျောက်မြောင်းရဲ့ အကြီးဆုံး တပ်ဆိုလည်း ဟုတ်တယ်။ ကျွန်တော်တို့ ဆော်ခဲ့တဲ့ နေရာ နှစ်နေရာက ဘယ် Drone သမားမှ တစ်ကြိမ်မှ ဗုံးသီးမချဘူးသေးတဲ့ နေရာ ဖြစ်တယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
တိုက်ခိုက်မှုများကြောင့် စခတ(၈)အတွင်းရှိ ပစ်မှတ်များ ထိမှန်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း၊ ခမရ(၁၂)တွင်လည်း စစ်သား တစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မတစ်ထောင် တစ်ကောင်ဘွား (ဒီပဲယင်း)အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို ရွှေဘိုခရိုင် (ပကဖ) ဒရုန်းတပ်ဖွဲ့၊ မတစ်ထောင်(တစ်ကောင်ဘွား) (ဒီပဲယင်း) အဖွဲ့၊ SHAR HTOO WAWနည်းပညာတပ်ဖွဲ့ Team 6(Drop For Justice -DFJအဖွဲ့)၊ Yaung Ni Shwebo အဖွဲ့ ၊YE-U Freedom Comrades (YFC) အဖွဲ့၊
ဝံပုလွေအဖွဲ့(ရေဦး)၊ ကြောင်လက်သည်းအဖွဲ့ (ဝက်လက်)၊ တန်ခိုးရှင်အဖွဲ့(ဝက်လက်)၊
ကိုးတောင်ကျားအဖွဲ့(ဝက်လက်)၊ နယ်စည်းမခြားဗိုလ်ပျံလွှား(ဝက်လက်)နှင့်
ရွှေဘိုခရိုင် အမှတ်(၅)တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ရွှေဘိုမြို့ အခြေခံ လေ့ကျင့်ရေးတပ် စခတ(၈)နှင့် အမှတ်(၁၂)ခြေမြန်တပ်ရင်း ခမရ(၁၂)တို့မှ စစ်ကောင်စီတပ်သားများသည် နယ်ခံပျူစောထီးအဖွဲ့များနှင့်ပေါင်းကာ ရွှေဘိုနှင့်ဝက်လက်မြို့နယ်အရှေ့ခြမ်းများ၌ စစ်ကြောင်းထိုး မီးရှို့မှုများ မကြာခဏ ပြုလုပ်နေသည်။