![43](https://pantaing.com/wp-content/uploads/2024/01/43-1.jpg)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ခံ စစ်သား၊ရဲနဲ့ ပျူစောထီးတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် ၆၀ မမ နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က ၂ဦး ဒဏ်ရာရခဲ့ကြောင်း Brother Defense Forceက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ခံ ရဲတပ်ရင်း ၂၈ နဲ့ ရွှေတောင်ဦးကုန်းရှိ စစ်သား၊ ရဲ နဲ့ ပျူစောထီးတွေကို ၂၀၂၃ ဒီဇင်ဘာလ ၃၁ ရက်၊ ညနေ ၅နာရီခွဲကနေစပြီး ည ၈နာရီထိ ၆၀မမ လက်နက်ကြီးများနဲ့ အချက် ၃၀ ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်တွေဘက်ကလည်း ၆၀ မမ၊ ၁၂၀ မမအပါအဝင် စက်လက်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာပါ။
အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၁ – Brother Defence Force နဲ့ မဲမှောင်ပျောက်ကြားတပ်တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ရက်ကလည်း ယင်းမာပင်ခရိုင်တပ်ရင်း ၁၆၊ တပ်ခွဲ ၁ Brother Defence Force နဲ့အတူ Regional Friend Fighter တပ်ဖွဲ့တို့က ပူးပေါင်းပြီး ယင်းမာပင်မြို့နယ်၊ ယန်ဇီကုမ္မဏီမှ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ခံ စစ်သား နဲ့ ရဲတွေကို နံနက် ၇နာရီခွဲခန့်မှာ မုံရွာ – ပုသိမ်လမ်း၊ ၁၆ ကုတင်ဆန့်တိုက်နယ်ဆေးရုံအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်က နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိပြီး လူနာတင်ယာဉ်ကားနဲ့ လာရောက် ခေါ်ဆောင် သွားတယ်လို့ ဗီဒီယိုနဲ့တကွ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။