ရှမ်းတောင် မိုးနဲမြို့နယ်မှာ ဒီနေ့မတ်လ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့အတူ စစ်မှုထမ်းဖို့ ရပ်ကွက်အလိုက် မဲနှိုက်စနစ်ပုံစံနဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အဆိုပါ မဲစနစ်ဟာ တစ်ရက်ကွက်ကို အမျိုးသား ၃ ဦးစစ်မှုထမ်းရပြီး တာဝန်ကျတဲ့သူတွေကို စစ်သင်တန်းပေးမယ်လို့ မိုးနဲဒေသခံတစ်ဦးက ပြောပါတယ်။
“ရက်ကွက်တိုင်းက အိမ်ထောင်စာရင်းတွေနဲ့ ခေါ်ကြတယ် စစ်မှုထမ်းရမယ်သူ စာရင်တွေကိုစုတယ်။ ဒီရက်ကွက်မှာက အယောက်၂၀ ရှိရင် မဲ၂၀ လုပ်တယ် အဲ့ထဲမှာ မဲနီး၃ ခုထည့်တယ်။ မဲနီးရတဲ့သူတွေတော့ သွားရမယ်” လို့ပြောပါတယ်။
တစ်လကိုတစ်ကြိမ် မဲစနစ်နဲ့ ပြုလုပ်သွားမှာဖြစ်ပြီး စစ်မှုထမ်းစာရင်ပါတဲ့သူတွေ ထွက်ပြေးခဲ့ရင် မိသားစုတွေဖမ်းဆီးပြီး စစ်မှုထမ်းနိုင်တဲ့သူတစ်ဦး တာဝန်ထမ်းဆောင်ရမယ်လို့ သူကဆိုပါတယ်။
စစ်မှုထမ်းဖို့ လူဦးရေးစာရင်းကောက်ယူနေစဉ်ကတည်းက ဒေသခံတော်တော်များများက ပြည်ပနိုင်ငံတွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဗိုလ်တစ်ဦးက ခြိမ်းခြောက်မှုပြုလုပ်တယ်လို့ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“သူတို့မှာရှိနေတဲ့ လူစာရင်းတွေနဲ့ အခုမဲလာလုပ်တဲ့အချိန်က မကိုက်ညီတော့ စိတ်ဆိုးသွားတယ်။ ထွက်ပြေးတဲ့သူတွေရဲ့ မိဘတွေက အသက်ကြီးနေပါစေ ဖမ်းသွားမယ်။ အဲ့အချိန်မှ ဆိုးတယ်လို့မပြောနဲ့တဲ့ ဘယ်နိုင်ငံရောက်ရောက် ပြန်လာရမယ်တဲ့ မဲလုပ်နေတဲ့အချိန်မှာပြောသွားတယ်”လို့ပြောပါတယ်။
ပြီးခဲ့တဲ့လမှာ စစ်ကောင်စီတပ်ဖွဲ့က မိုးနဲမြို့နယ်က လူဦးရေးစာရင်းတွေကို ကောက်ယူထားပြီး စစ်မှုထမ်းရမယ့် အမျိုးသားတွေကို စာရင်ထားတာကြောင့် ဒီကနေ့ မဲစနစ်နဲ့စစ်မှုထမ်းခေါ်ယူနေစဉ် လူမပြည့်တာကြောင့် အခုလိုခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံသားတိုင်း စစ်မှုထမ်းမနေမရ ဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ကောင်စီထုတ်ပြန်ခဲ့ပြီး ဒေသခံတွေဟာ ပြည်ပကို တိမ်းရှောင်တဲ့သူတွေများလာခဲ့ပါတယ်။