![10](https://pantaing.com/wp-content/uploads/2024/04/10-1024x771.jpg)
ကရင်နီပြည်၊ဖားဆောင်းမြို့ပေါ် ရှိ မီးသတ်စခန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက် ခိုက်ခဲ့ပြီး ပြည်သူများကို ကယ်ထုတ်ခဲ့ကြောင်း ဖားဆောင်း PDF က ယမန်နေ့ (မတ် ၃၀) ကထုတ်ပြန်သည်။
ဖားဆောင်းမြို့ ကွက်သစ်ရပ်ကွက် ဘုန်းကြီးကျောင်းတွင် ပိတ်မိနေသောပြည်သူ ၁၃၀ ကျော်ကို မတ်လ ၂၃ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့ခြင်းဟု သိရသည်။
“ကွက်သစ်ရပ်ကွက်ထဲက ပြည်သူတွေကို ကယ်ထုတ် နိုင်ဖို့ တစ်ဖက်က စစ်ဆင်ရေးတစ်ခုဆောင်ရွက်ခဲ့တာဖြစ်တယ်” ဟုဖားဆောင်း PDF တာဝန်ရှိသူကပြောသည်။
အဆိုပါ ပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်စဥ် ကရင်နီပူးပေါင်းတပ်မှ ရဲဘော်အချို့ ထိခိုက်ကျဆုံးမှုရှိခဲ့ ကြောင်းလည်း သိရသည်။
“ဖားဆောင်း နဲ့ ဘောလခဲ မှာတော့ တိုက်ပွဲတွေရှိတယ်။မြို့တော် လွိုင်ကော်နဲ့ ဒီးမော့ဆို၊ ဖရူဆိုမြို့တွေကတော့ ဝိုင်းပတ်ပိတ်ဆို့ထားတဲ့အခြေအနေပဲ။တပ်ရင်းဌာနချုပ်တွေထဲမှာပဲသူတို့နေ နေတာပေါ့နော်။စကစဘက်ကအသေခံဒရုန်းတွေလည်း သုံးလာတာ ပိုတွေ့ရတယ်”ဟု ကရင်နီတပ်ပေါင်းစုမှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။
ဖေဖော်ဝါရီ ၂၉ ရက်ကစတင်ခဲ့သည့် ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီအခြေစိုက်စခန်းအများစုကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းထားနိုင်သည်။
သို့သော် ထိုမြို့ရှိ စစ်ကောင်စီ အခြေစိုက်တပ် ခလရ ၁၃၄ နှင့် ၁၃၅ကို သိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်နေဆဲ ဖြစ် ကြောင်း သိရသည်။