
Soldiers stand outside the Central Bank of Myanmar, as people gathered to protest against the military coup, in Yangon on February 15, 2021. (Photo by Sai Aung Main / AFP)
ရှမ်းပြည်နယ်၊ တောင်ကြီးဘက်မှ ဟိုပုံးဘက်သို့ စစ်သားများ တင်ဆောင်လာသော စစ်ကားများ၊ မိုးကာအုပ်ကုန်ကားများ ပါဝင်သည့် ကား အစီး ၅၀ ပါ စစ်ယာဉ်တန်းတက်သွားကြောင်း စစ်ယာဉ်တန်း ဖြတ်သန်းရာ လမ်းတလျှောက်မှ ပြည်သူများက သတင်းပေးပို့ကြသည်။
ယနေ့ နေ့လယ်ပိုင်းတွင် တောင်ကြီးမြို့မှ စစ်သားအင်အား အပြည့်တင်ဆောင်လာသော စစ်ကားများ၊ မိုးကာအုပ်ကုန်ကားများ အပါအဝင် စစ်ကား ၅၀ စီးပါ ယာဉ်တန်း ဖြတ်သန်းသွားကြောင်း၊ စစ်ကားများက ရှေ့ဆုံးမှ ဦးဆောင်ပြီး မိုးကာအုပ် ကားများက နောက်မှ တောက်လျှောက်လိုက်ပါလာကြောင်း သိရှိရသည်။
“စစ်ကား အစီး ၅၀ ကျော်တယ်။ စစ်သားတွေ အပြည့်ပါတယ်။ ကုန်ကားတွေကိုလည်း မိုးကာတွေ အုပ်ထားတယ်။ ကျနော်တွေ့တာက မွန်းလွဲ ၁ နာရီ ၂၉ မိနစ်အချိန်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များက ဟိုပုံးမြို့နယ်အနီးတွင် PNLA ဦးဆောင်သော တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ဟိုပုံးမြို့နယ်အတွင်းရှိ စစ်တပ်စခန်းများ ဆုတ်ခွာပေးရမှုများရှိနေကြောင်း၊ ဟိုပုံးမြို့ပေါ်တွင် စစ်တပ်က အင်အားတိုးချဲ့၍ ခံစစ်ပြင်နေကြောင်း သိရှိရသည်။