![27](https://pantaing.com/wp-content/uploads/2023/09/27-2-1024x692.jpg)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ ရေယာဥ်အုပ်စုကို တိုက်ခိုက်ရာ သင်္ဘော ၁ စီး မီးလောင် ပျက်စီးပြီး စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း One Star Task Force တပ်ဖွဲ့မှ တာဝန်ရှိသူ ဗိုလ်ကျော်ကြီးက ပြောကြားသည်။
စက်တင်ဘာလ ၂ ရက် နေ့လည် ၂ နာရီခန့်မှ ၃ နာရီခန့်အထိ ချင်းတွင်းမြစ်ကို ဆန်တက်လာ သော အကြမ်းဖက်စစ်ကောင်စီ ထောက်ပို့ ကုန်တင်ဖလက် သင်္ဘော ၈ စီး၊ တွန်းသင်္ဘော ၂ စီး၊ စစ် သင်္ဘော ၁ စီးကို ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဖလက်မော်တော် ၁ စီးမီးလောင်ပျက်စီးခဲ့ပြီး သေဆုံးဒဏ်ရာရ စစ်သားများကို မုံရွာမှ အမြန်ရေယာဉ်ဖြင့် သယ်ဆောင်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကုန်တင်ဖလက်သင်္ဘောကို လောင်သွားတာ၊ ဖက်လက်ပေါ်မှာ ပါလာတဲ့ စစ်ခွေးတွေကို အမြန်ရေ ယာဉ်နဲ့ လာခေါ်သွားတာဗျ၊ ဘယ်လောက်အထိ မီးလောင်ပျက်စီးတယ်တော့ မသိရဘူး၊ အနား လည်း ကပ်ကြည့်လို့မရဘူး၊ စပီဘုတ်နဲ့လာပြင်သွားတယ်။ အများအပြားထိခိုက်တယ်လို့ သတင်းသိထားရတယ်” ဟု One Star Task Force တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၆၊ တပ်ခွဲ ၂ (One Star Task Force)၊ တပ်ခွဲ ၃ (သ မန်း ကျား)၊ တပ်ခွဲ ၄ (SRE)၊ ဆားလင်းကြီး GZ Local Defence Force နှင့် YDF တပ်ဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ ကြောင်း သိရသည်။