![6](https://pantaing.com/wp-content/uploads/2023/09/6-5.jpg)
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်တပ်နှင့် ရဲစခန်းတို့အား ဩဂုတ်နှင့် စက်တင်ဘာလဆန်းတို့တွင် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်တပ်ဗျူဟာဝန်းအတွင်းသို့ ဆင်းသက်လာသည့် စစ်ရဟတ်ယာဉ် နှစ်စီးနှင့် ကြာအင်းဆိပ်ကြီးမြို့ ရဲစခန်း၊ စစ်ကောင်စီတပ်များ တပ်စွဲထားတဲ့ စည်ပင်အဖွဲ့ပိုင် ဇမိခန်းမတို့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ Cloud Wings ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ ဒရုန်းအသုံးပြုပြီး (၁၀၇)မမ၊ (၈၁) မမများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ အခြေချတပ်စွဲရာ နေရာများ ထိမှန်ပျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးဟု ဆိုသည်။
“ရဟတ်ယာဉ်များသို့ လက်နက်ကြီးပစ်ခတ်မှုအတွင်း ဦးတည်ရာပစ်မှတ်ကို တိုက်ရိုက်ထိမှန်ခြင်း မရှိခဲ့ပါလို့လည်း သိရပါတယ်။၄င်းတိုက်ခိုက်မှုများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ဦးစီးဦးဆောင်မှုဖြင့် Cloud Wingsဒရုန်းတပ်ဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်”ဟု Cloud Wings အဖွဲ့ တာဝန်ခံ ကိုငြိမ်း၏ ပြောကြားချက်ကိုလည်း ဖော်ပြထားသည်။
စစ်ကောင်စီ၏ ကြာအင်းဆိပ်ကြီးမြို့ ရဲစခန်းအား စက်တင်ဘာ ၁ရက်ညပိုင်းတွင် (၁၀၇) မမဗုံးသီးအသုံးပြုကာ ဒရုန်းဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် စည်ပင်အဖွဲ့ပိုင် ဇမိခန်းမအား ဩဂုတ်၂၃ရက် ညပိုင်းကလည်း (၁၀၇) မမဗုံးသီးအသုံးပြုကာ ဒရုန်းဖြင့် တစ်ကြိမ်၊ စက်တင်ဘာ ၂ရက်နံနက်အစောတွင် (၁၀၇) မမဗုံးသီးအသုံးပြုကာ ဒရုန်းဖြင့် တစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု အသိပေးထားသည်။