ထိုင်းနိုင်ငံနှင့် စစ်ကောင်စီတို့၏ ညှိနှိုင်းမှုအရ ရန်ကုန်-မဲဆောက်သို့ MNA လေယာဉ်များ ၃ ရက်တိတိ အရေးပေါ် အထူးကိစ္စအတွက် ပျံသန်းမည်ဖြစ်ပြီး အကြမ်းဖျဉ်း ဧပြီ ၈ ရက်နေ့မှ ဧပြီ ၁၀ ရက်နေ့ အထိ သတ် မှတ်ထားကြောင်း သိရှိရသည်။
“MNA မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ လေယာဉ်တွေမနက်ဖြန်ကစလို့ မဲဆောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဆင်းဖို့ရှိပါတယ်။ လောလောဆယ် ၃ ရက် ရန်ကုန်-မဲဆောက် အသွားအပြန် စီစဉ်ထားပါတယ်။ နှစ်နိုင်ငံစီမံမှုပါ” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ထိပ်တန်းအရာရှိကြီးတစ်ဦးက အတည်ပြု ပြောဆိုသည်။ သို့ရာတွင် မဲဆောက်-ရန်ကုန် ပျံသန်းမည့် အကြောင်းအရာကို ထုတ်ဖော်ပြောဆိုခြင်းမပြုပေ။
MNA မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးသည် ရာချီဆန့်သော လေယာဉ်ကြီးများက မဲဆောက်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီလ ၈ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ အထိ အသွားအပြန် ၃ ရက်တိတိ ခရီးစဉ်များကို ပျံသန်းမည်ဖြစ်ပြီး ယင်းသို့ အရေးပေါ် ပျံသန်းရန်အတွက် ထိုင်းနိုင်ငံနှင့် မြန်မာစစ်ကောင်စီတို့အကြား အပြန် အလှန် အရေးပေါ် ညှိနှိုင်းမှုများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ထို့ကြောင့် MNA လေယာဉ်များ ပျံသန်းရေး၊ လေယာဉ် ဝန်ထမ်းများ ရွေးချယ်ရေးများ ကြိုတင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကမူ မဲဆောက်-ရန်ကုန် လေယာဉ်ပျံသန်းမှုသည် ပိတ်မိနေသည့် စစ်ကောင်စီဝန်ထမ်းများကို ပြန်လည် ခေါ်ယူရေးဟု သာ နားလည်သိရှိထားပြီး နှစ်ဖက်ညှိနှိုင်းမှုများအရ အစီအစဉ်များ အပြောင်းအလဲ ရှိနိုင်ကြောင်း၊ စစ်ကောင်စီနှင့် ထိုင်းအစိုးရအကြား အရေးပေါ် ညှိနှိုင်းရေး လမ်း ကြောင်း ဖွင့်လှစ်ထားရကြောင်း ပြောဆိုသည်။