စစ်ကိုင်းတိုင်း ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အစပ်ရှိ ကျေးရွာများတွင် တောင်ကျရေနစ်မြုတ်သဖြင့် ကျေးရွာပေါင်း (၁၅)ရွာမှ ဒေသခံပြည်သူ (၃၀၀၀၀)ကျော်သည် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရသည်ဟု ဒေသခံများထံက သိရသည်။
” မေလ (၁၇)ရက်နေ့က ချောင်းရေ တတ်လာပြီး ဒေသခံတွေ မွေးထားတဲ့ ကျွဲနွား ဆိတ် ကြက်စတဲ့ တိရိစ္ဆာန်တွေပါ ရေးထဲ မြောပါပြီး နေအိမ်အချို့ပါ ပျက်စီးကုန်တယ်။ မြောက်ရမားဘက်အခြမ်းမှာတော့ အညာပစ်တိုင်းထောင်လူငယ်လေးများ ပရဟိတအဖွဲ့က ကယ်ဆယ်ရေးနဲ့ သောက်သုံးရေ စားစရာတွေ ကူညီပေးကြတယ်။ မြောက်ယမားဘက်တော့ ပြန်လည်ထူထောင်ရေးအတွက်ရော ပျက်စီးဆုံးရှုံးတဲ့ လူနေအိမ်တွေအတွက်ပါ ပြန်ပြင်ဖို့ အခက်အခဲတွေ ရှိနေတယ် “ ဟု ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ရေနစ်မြုတ်သည့် ကျေးရွာများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ဦးစားပေးလုပ်ကိုင်သည့် ရွာများ ဖြစ်ကြသည်။ယမားချောင်းရေကြီးမြင့်မှု့ကြောင့် ဆိတ် နှင့်နွား စုစုပေါင်း အကောင်ရေ ၁၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းအတွင်း ရှိ ယင်းမာပင်ခရိုင် အတွင်းတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွါးမှုကြောင့် ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်များအဖြစ် ထွက်ပြေးတိမ်းရှောင်နေရစဉ် ယခုအခါ သဘာဝဘေးအန္တရယ်ကိုပါရင်ဆိုင်နေကြရခြင်းကြောင့် ဒေသခံများ အခက်အခဲ ပိုတွေ့နေရခြင်းဖြစ်သည်။