ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ရွာနှင့်တံတားကို အကြမ်းဖက်စစ်တပ်နှင့် လက် အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ မိုင်းခွဲခြင်းဖြင့် ဖျက်ဆီးခဲ့ကြကြောင်း အရှေ့ရိုးမ ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ပြောဆိုရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၂၇ ရက် ည ၁၀ နာရီခွဲခန့်က ဆီဆိုင်မြို့ အနောက်ဘက်၊ ဝန်းကောင်ရွာအနီးရှိ ဝိန်းကောင်တံတားကို တော်လှန်ရေးအင်အားစုများ အသုံးပြုလျက်ရှိသည်ဟု ဆိုကာ အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များက မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဧပြီလ ၂၇ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ အကြမ်းဖက်စစ်တပ်နှင့် PNO ပြည်သူ့ စစ်များက ဝိန်းကောင်ရွာကို ဒရုန်း ၂ စီးဖြင့် အဆက် မပြတ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက် ခိုက်မှုအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်အတွင်းတွင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်၊ လက် အောက်ခံ PNO ပြည်သူ့စစ် တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခြင်းနှင့် စစ်ရေး တင်မားမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်ကောင်စီက ဆီဆိုင်မြို့ကို ၎င်းတို့ ထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့်လျက်ရှိကြောင်း သိရှိရသည်။