ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့တွင်း၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) နှင့် စစ်ကောင်စီတပ်များ ရှိနေသည့်အပြင် မြေမြှုပ်မိုင်းအန္တရာယ်၊ စစ်ကျန်ပစ္စည်း အန္တရာယ်များ ရှိနေ၍ ပြည်သူများ မြို့တွင်း ပြန်လည်ဝင်ရောက်နေထိုင်ခြင်းမပြုရန် PNLAက ဧပြီ ၂ ရက်တွင် ထပ်မံ မေတ္တာရပ်ခံသည်။
ဆီဆိုင်တွင် မြို့တွင်း တိုက်ပွဲများ ဆက်ရှိနေပြီး မြို့တစ်ခုလုံးသည် စစ်ဇုန်ထဲ ကျရောက်နေခြင်းဖြစ်သည်ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
“ဒေသခံ နှစ်ဦး မိုင်းနင်းမိတာ ကျနော်တို့လည်း ကြားရတယ်။ အဓိကက ပစ္စည်းတွေ ပြန်သယ်ရင်း နေအိမ်ပြန်ကြည့်ရင်းနဲ့ နင်းမိတာလို့ ကြားရတယ်။ ဒါကြောင့် ကျနော်တို့က မေတ္တာရပ်ခံရတာဖြစ်ပါတယ်။ မြို့ထဲကို ပြန်လို့ရတဲ့ အခြေအနေမဟုတ်သေးပါဘူး။မြို့ထဲမှာက စစ်ကောင်စီတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေဆဲဖြစ်သလို စစ်ကောင်စီ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေလည်း အများအပြား ရှိနေသေးသလိုမပေါက်ကွဲသေးတဲ့လက်နက်ကြီး ကျည်တွေလည်း ရှိနေတဲ့အနေအထားဖြစ်ပါတယ်” ဟု ခွန်ရိန်းယံက လူထုနွေဦးသို့ ပြောသည်။
ထို့ကြောင့် ပြည်သူများ အနေဖြင့် PNLA၏ တရားဝင် ထုတ်ပြန်မှုကို စောင့်ကြည့်ရန်နှင့် လိုက်နာကြရန် မေတ္တာရပ်ခံကြောင်း ခွန်ရိန်းယံက ပန်ကြားသည်။
PNLAသည် ဆီဆိုင်မြို့ကို ဇန်နဝါရီလကုန်ပိုင်း၌ သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး နှင့် မြေပြင်မှ စစ်အင်အားများ အသုံးပြုပြီး ဆီဆိုင်ပြန်ရရေး ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။