ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘုံဇုံစခန်း သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သား ၁၇ ဦး လိုက်ပါလာသည့်ကားကို ပစ်ခတ်တိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် CNA ၊ CDF အပါအဝင် ချင်းတိုင်းရင်းသား တော်လှန် ရေး တပ်ဖွဲ့များက ဟားခါးမြို့နယ်၊ ဘုံဇုံစခန်းတွင် တပ်စွဲထားသော အကြမ်း ဖက် စစ်ကောင်စီတပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ခြင်းကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၇ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် စစ်သား ၁၇ ဦးသည် ဟားခါးမြို့နယ်မှ ခြောက်ဘီးကား(ခဲဖြူ)ဖြင့် ဂန့်ဂေါမြို့ဘက်ကို မောင်းပြေးလာသည်ဟု သတင်းရရှိသောကြောင့် ဂန့်ဂေါ-ဟားခါး လမ်းပိုင်း တစ်နေရာတွင် ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖရဲဘော်များက စောင့်ကြို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၅ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
” ပကဖ ရဲဘော်တွေက သတင်း ကြိုရလို့ စောင့်ကြို တိုက်ခိုက်ခဲ့တယ်။ ၂ ကောင် သေပြီး ၅ ကောင် ပြင်းထန် ဒဏ်ရာရတယ်။ ကျန်တဲ့ကောင်တွေက ကားနဲ့ထွက်ပြေးလွတ်မြောက်သွားပါတယ်” ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။