မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျွဲခြံကုန်းကျေးရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုက မနေ့ည သန်းခေါင်အချိန် အနီးအနား ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ် သောင်းကျန်းခဲ့ရာ ဘိုကုန်းကျေးရွာထဲ ကျရောက်ပေါက်ကွဲလို့ နေအိမ်မှာ အိပ်နေတဲ့ အသက်နှစ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး မိသားစုဝင် နှစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
နိုဝင်ဘာ(၂၉)ရက် ည(၁၂)နာရီလောက်မှာ မတ္တရာမြို့နယ်၊ အနောက်ခြမ်း၊ ဧရာဝတီမြစ်ရိုးက ကျွဲခြံကုန်း ကျေးရွာထဲနေ စစ်အုပ်စုက ဘိုကုန်းကျေးရွာနဲ့ အနီးအနားက ရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကား ပစ်ခတ် သောင်းကျန်းခဲ့တာလို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
“မနေ့ညက ကျွဲခြံကုန်းရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ ခွေးက ဘိုကုန်းရွာထဲကို လက်နက်ကြီးနဲ့ လှမ်းပြီး ထုတာ၊ ထုတော့ အိမ်တစ်အိမ်ထဲကို ကျတာ၊ ကျလိုက်တော့ အိမ်ထဲက နှစ်နှစ်ကျော်ကျော် ကလေးလေး တစ်ယောက် တောက်လျှောက် ကျသွားတယ်ပေါ့၊ နောက်ပြီးတော့ နွားသုံးကောင် သေတယ်၊ နောက်ပြီးတော့ သူတို့ရဲ့ လူကြီးတွေ နှစ်ယောက် ထိခိုက်တယ်” လို့ မတ္တရာ ပကဖ တပ်ဖွဲ့ဝင်က ပြောပါတယ်။
သေဆုံးသွားတဲ့ ကလေးကိုတော့ ဒီမနက်ပိုင်းမှာ သင်္ဂြိုလ်ခဲ့ပြီး ဘိုကုန်းရွာက ပြည်သူတွေကတော့ ရွာလုံးကျွတ် စစ်ရှောင်ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မတ္တရာနယ်ထဲ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေက တိုက်ပွဲဖြစ်ပွားကာ မြေပြင်တိုက်ပွဲမှာ အထိနာ အသေများတဲ့ စစ်အုပ်စုက အခုလို အရပ်သားပြည်သူကို ပစ်မှတ်ထားပြီး ကျေးရွာတွေကို လက်နက်ကြီးနဲ့ထုတာ၊ လေကြောင်းဗုံးကျဲတာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ မတ္တရာနယ် အနောက်ခြမ်း ဧရာဝတီမြစ်ရိုးက ကျေးရွာတွေမှာသာမက လတ်တလော တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာလည်း လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ စစ်ကြောင်းထိုးရာ လမ်းတလျှောက် ရွာတွေက ပြည်သူတွေ စစ်ဘေး တိမ်းရှောင် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။