KIO/KIA ဌာနချုပ် လိုင်ဇာအနီး၊ နမ်ဆန်ယန်နဲ့ အောင်ဂျာရွာ အထက်က စစ်ကောင်စီ စခန်း တစ်ခုကို စက်တင်ဘာ ၁၆ ရက်နေ့က KIA သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက ကုန်းကြောင်းနဲ့ ရေကြောင်း ကနေ အကြီးအကျယ် အင်အားဖြည့်တင်းနေတယ်လို့ KIA ရှေ့တန်းနဲ့ ဒေသခံတွေထံက သိရပါတယ်။
“ဒီနေ့ မနက်ပိုင်းက ဘွမ်ရေဘက်က စစ်ကောင်စီ အင်အား ၂၀၀ ကျော် အောင်ဂျာ-နမ်ဆန်ယန် ဘက်ကို စစ်ကြောင်းထိုး ဆင်းလာတယ်” လို့ KIA ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
မနေ့ စက်တင်ဘာ ၁၈ ရက်နေ့ကလည်း မန္တလေးဘက်ကနေ ဧရာဝတီ မြစ်ကြောင်းအတိုင်း ဗန်းမော်ဘက် တက်လာတဲ့ စစ်သင်္ဘော ၆ စီး ရွှေကူကို ရောက်လာတယ်လို့ မျက်မြင် ဒေသခံ တစ်ဦးက ပြောပါတယ်။
“ဒီတစ်ခေါက် ရေကြောင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်သင်္ဘော ၆ စီးမှာ အင်အား အပြည့်ပဲ။ အသက် ၁၈ နှစ်အောက် ကလေးတွေလည်း ပါတာ တွေ့ရတယ်။ သင်္ဘော တွေလည်း သံကွန်ချာတွေ အခိုင်အမာနဲ့ပဲ” လို့ သူက ရှင်းပြပါတယ်။
ဒီ ၂ ထပ် သင်္ဘော ၆ စီးမှာ စစ်အင်အား ထောင်ချီ ပါလာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ် ပြောဆိုပေမဲ့ မဲခေါင်သတင်းဌာန အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။
လိုင်ဇာ အနီးက စခန်း အသိမ်းခံရတဲ့ စက်တင်ဘာလ ၁၆ ရက် မနက် ၉ နာရီကျော်က လွိုင်လွမ့်အောင်ဂျာရွာ အနီး ဂျက်ဖိုက်တာ ၈ စီးနဲ့ ဗုံးကြဲခဲ့ပြီး ည ၈ နာရီခွဲကျော်မှာ မြစ်ကြီးနား-နမ်ဆန်ယန်-လိုင်ဇာ လမ်းပေါ်ရှိ ကဇူး၊ ဒဘတ်၊ ဆမားဂျာပူရွာ တွေဘက် လေကြောင်းက ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီနောက် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ဂျက်ဖိုက်တာ ၄ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ကာ ဗန်းမော်ဘက်က အင်အားဖြည့်လာတဲ့ စစ်ကောင်စီ အင်အား ၁၅၂ ဦး ဘွမ်ရေ၊ ခါ့ယာဘက် ထပ်မံ စစ်ကြောင်းထိုးလာတယ်လို့ သူက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီက မန္တလေး-ဗန်းမော် လမ်းကြောင်းကနေ ရေကြောင်းနဲ့ အင်အားဖြည့်နေပြီး ဗန်းမော်-နမ်ဆန်ယန်၊ မြစ်ကြီးနား-နမ်ဆန်ယန် လမ်းတွေကနေ ကုန်းကြောင်းက အင်အားဖြည့်တင်းကာ လေကြောင်းက ပိုမို တိုက်ခိုက်လာတယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။