ပုလောမြို့နယ်ထဲက ကျောက္ကားရွာအနီးရှိ ပင်လယ်ပြင်မှာ တိုက်ပွဲဖြစ်တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောပါတယ်။
ပင်လယ်ကမ်းစပ်ရွာဖြစ်တဲ့ ကျောက္ကားရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘောကနေ ပင်လယ်ပြင်မှာလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၁)က တပ်ဖွဲ့ဝင်တွေကို ဒီကနေ့ မနက် ၈ နာရီလောက်က အရင်ပစ်ခတ်ခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့တယ်လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပြပါတယ်။
“တိုက်ပွဲက သူတို့ဘက်ကစပစ်တာ။ သတင်းကြိုရလို့ လာပစ်တာမျိုးဖြစ်နေတယ်။”လို့ ကိုအာနိုးက ပြောပါတယ်။
စစ်သင်္ဘောကနေ ပြည်သူ့ကာကွယ်ရေးတပ်သားတွေ ရှိတဲ့ဘက်ကို အမြောက်နဲ့ပစ်ခတ်ခဲ့ပေမဲ့ ပစ်သံပဲကြားလိုက်ရပြီး ကျည်ကျရောက်ပေါက်ကွဲတာမျိုးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ ပစ်ခတ်မှုဖြစ်နေစဥ်အတွင်း စစ်သင်္ဘောနောက်တစ်စီး ထပ်မံရောက်ရှိလာခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သားတွေ ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ သိရပါတယ်။
ဒီလို ရေကြောင်းတိုက်ခိုက်မှုဟာ ပုလောမြို့နယ်မှာ ပထမဆုံးဖြစ်စဉ်ပဲ ဖြစ်ပါတယ်။
ကျောက္ကားရွာအနီးတဝိုက်မှာ ပြီးခဲ့တဲ့လတွေကတည်းက စစ်ကောင်စီရေတပ်က စစ်သင်္ဘေ ာတစ်စီး ကျောက်ချရပ်နားထားပြီး တပိုင်တနိုင်ငါးဖမ်းလှေငယ်လေးတွေကို အဝင်အထွက် စစ်ဆေးတာတွေ လုပ်ဆောင်နေခဲ့တာပါ။ အဲဒီလိုစစ်ဆေးရာမှာ ခြိမ်းခြောက်ပစ်ခတ်တာတွေလည်း ရှိခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၅ ရက်ခန့်ကလည်း ပုလောမြို့နယ်၊ လိပ်သောင်းကျေးရွာအနီးက ပင်လယ်မှာ ငါးဖမ်းလှေငယ်တစ်စင်းရဲ့ငါးဖမ်းပိုက်မှာ လက်နောက်ပြန်ကြိုးတုပ်ထားတဲ့ အမည်မသိ အမျိုးသားအလောင်းတစ်လောင်းငြိပါလာခဲ့တဲ့ ဖြစ်စဥ်ရှိခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်မှာ ကုန်းကြောင်းတိုက်ခိုက်မှုအပြင် ရေကြောင်းတိုက်ခိုက်မှုတွေပါ ရှိနေပြီး ဒေသတွင်း နေ့စဉ်ဆိုသလိုပစ်ခတ်မှုတွေလည်း ရှိနေပါတယ်။
တနင်္သာရီတိုင်းထဲက စစ်အုပ်ချုပ်ရေးဒေသနောက်တမြို့ဖြစ်တဲ့ တနင်္သာရီမြို့နယ်မှာလည်း မနေ့က မိုင်းဆွဲတိုက်ခိုက်မှုသုံးခုရှိခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။