ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင် ပြည်သူ ၅၀,၀၀၀ နီးပါး ရှိနေပြီး အခုအပတ် အတွင်း အများစု ဆန်ပြတ်လပ်နေပြီလို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ Jobs for Kayah မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ မလှမ်းမကမ်း ရွာတွေက စစ်ရှောင်ပြည်သူတွေ အိမ်ပြန်ပြီး တောင်ယာ စိုက်ပျိုးတာတွေ ရှိပေမယ့် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် လူအနည်းငယ်သာ ပြန်ပြီး စိုက်ပျိုးတယ်လို့ သိရပါတယ်။
“တစ်ချို့ဆို လုံးဝ စားစရာ မရှိတော့ဘူး။ တစ်ချို့က အသိတွေနားက မျှတာမျိုး ရှိတယ်ပေါ့နော်။ ကျွန်တော်တို့တောင် မနည်း ကျားကန်ပြီး ဖဲ့ကူနေတာမျိုးပေါ့။ စစ်ရှောင်အတွက် ကူရမယ့် ကဏ္ဍတွေကို ဖယ်ပြီး ရိက္ခာအတွက်ပဲ ကူရတဲ့ အခြေနေမျိုး ရှိတယ်ဗျ” လို့ Jobs for Kayah တာဝန်ရှိသူက ပြောပါတယ်။
ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်ပြည်သူ ၅၀,၀၀၀ နီးပါးအနက် အဖွဲ့အစည်းတွေရဲ့ အကူအညီရသူ အနည်းငယ်သာရှိပြီး ပြည်သူ ၈၀ ရာခိုင်နှုန်းခန့်က ဆန်ပြတ်လပ်မှု ကြုံနေရတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင် ပြည်သူ စုစုပေါင်း ၃ သိန်းနီးပါး ရှိနေပြီး စစ်ရှောင်ကာလ ၂ နှစ်ကျော်နေပြီ ဖြစ်တဲ့အတွက် ဘက်စုံ လိုအပ်ချက်တွေ ရှိလာပြီး စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးသူတွေက ပြောပါတယ်။