ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၁၀၃/၅)၊ တံတားအမှတ် (၄/၁၀၂) အနီး ကင်းပတ်နေတဲ့ ရဲနဲ့ပျူစောထီးတွေကို ဒေသခံ ကာကွယ်ရေးတပ်တွေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာန ကိုပြောပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့၊ ည ၁၁ နာရီခွဲ ဝန်းကျင်က တံတားပေါ်မှာ ပေါက်ကွဲသံများ ထွက်ပေါ်ပြီးနောက် ပစ်ခတ်သံများ ကြားခဲ့ရပြီး ရဲ ၂ ဦးနဲ့ ပျူစောထီး ၂ ဦး နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“မီးရထား ကြေးနန်းအနီးက တံတား အမှတ် (၁၆၁) နားမှာ ပေါက်ကွဲသံ ကြားတယ်။ ဗုံးကို တံတားမှာ လာထောင်တုန်း လှည့်ကင်းနဲ့ အတွေ့မှာ ပစ်ကြတာ။ ဗုံး ၂ စလုံး ပေါက်ပြီးတော့ တံတားလည်း ပျက်စီးမှုရှိတယ်။ သေတာတော့ ရဲဘက်က လူတွေပဲသေတာ” လို့ သူကပြော ပါတယ်။
အဆိုပါ ပစ်ခတ်မှုအတွင်း ရဲတပ်ကြပ် လင်းလင်းထိုက်၊ ရဲတပ်သားအောင်ကျော်ထက်၊ ပျူစောထီး စိုးပိုင်နဲ့ 101 KTV ပိုင်ရှင် ဉာဏ်ဝေအောင် တို့ သေဆုံးခဲ့ပြီး ရဲတပ်သား တစ်ချို့ ထိခိုက်ဒဏ်ရာရကာ ကျောက်တံခါးမြို့နယ် ပြည်သူ့ ဆေးရုံသို့ တင်ပို့ထားတယ်လို့ သိရပါတယ်။