ပဲခူးတိုင်းဒေသအတွင်းက ကျေးရွာတွေမှာ နယ်မြေလုံခြုံရေးလုပ်ဆောင်ပြီး ပြည်သူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တော်ဝင်ဒေါင်းစစ်ကြောင်း- Royal Peacock Column က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပဲခူးတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေအတွင်းက ကျေးရွာတွေကို လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်ပေးပြီး ကျေးရွာနေပြည်သူတွေနဲ့တွေ့ဆုံကာ ပြည်သူတွေရဲ့လိုအပ်ချက်နဲ့ အကြံပေးမှုတို့ကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
Royal Peacock Column – တော်ဝင်ဒေါင်းစစ်ကြောင်းဟာ ပဲခူးတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေကို တွန်းလှန်တိုက်ထုတ်နေတာဖြစ်ပြီး နယ်မြေလုံခြုံရေး အရေးပေးဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ(၂) စစ်ကြောင်းတစ်ခုဖြစ်တဲ့ Royal Peacock Column ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့မှာ စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်သွားကာ စစ်ရေးအရှိန်မြှင့်တင်သွားမယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။