၅၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ သောမတ်အင်ဒရူးရဲ့ နှုတ်နဲ့ တင်သွင်းတဲ့ အစီရင်ခံစာနဲ့ နောက်ဆုံးထုတ်ပြန် ချက်တွေကို ကြိုဆိုလက်ခံတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဇူလိုင် ၇ ရက်မှည ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ မစ္စတာ သောမတ်အင်ဒရူးရဲ့ တင်ပြချက်တွေထဲ အကြမ်းဖက်စစ်တပ်အား လက်နက်နဲ့ ငွေသားထောက်ပံ့မှု၊ အကြမ်းဖက်လူသတ်ကောင်တို့အား တရားဝင်အဖြစ် သတ်မှတ်ရန်ကြိုးပမ်းနေမှုများကို ဖယ်ရှားရမှာ ဖြစ်ကြောင်းနဲ့ အကြမ်းဖက်စစ်တပ်အား လက်နက်နဲ့ ဆက်စပ်ပစ္စည်းများလွှဲပြောင်းမှုမှာ ပါဝင်ခဲ့တဲ့ လူပုဂ္ဂိုလ်များအား စင်ကာပူနိုင်ငံမှာ စုံစမ်း စစ်ဆေးလျက်ရှိကြောင်းဖော်ပြပါရှိခဲ့တယ်လို့ ဆိုထား ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံအတွက်အပြုသဘောဆောင်တဲ့ ခြေလှမ်းများကိုဖော်ဆောင်ရန်အတွက် အထူးကိုယ်စားလှယ်အဖြစ် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်တယ်လို့ ဖော်ပြခဲ့တာပါ။
ဥရောပသဂ္ဂရဲ့ ဦးဆောင်မှုနဲ့ အကြမ်းဖက်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုထံရေနံနဲ့ သဘာဝဓာတ်ငွေ့မှ တဆင့် ငွေစီးဆင်းမှုများအား တားမြစ်ပိတ်ပင်မှုများပြုလုပ်နေပြီး အမေရိကန်အစိုးရအနေနဲ့ အကြမ်းဖက် စစ်အုပ်စုထိန်းချုပ်ထားတဲ့ ဘဏ်များအပေါ် ပစ်မှတ်ထား ပိတ်ဆို့ရန်ကြိုးပမ်းနေတယ်လို့ သောမတ်အင်ဒရူးရဲ့ ဆွေးနွေးချက်ကို ကိုးကားပြီး လူ့အခွင့်အရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။