စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ စစ်ခုံရုံးတွင် အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးကို စက်တင်ဘာလ ၂ ရက်နေ့က နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရသည်။
ထောင်ဒဏ်ချမှတ်ခံရသူများမှာ ယခုနှစ် ဇူလိုင်လက ဖမ်းဆီးခံရသူများဖြစ်သည့် ကိုဇော်မျိုးနိုင်၊ ကိုတင်မောင်ဝင်း၊ မသီတာဝင်းနှင့် ကိုကျော်သက် ဆိုသူတို့ဖြစ်ကြောင်း Indaw Revolution-IR က ပြောသည်။
“ကိုကျော်သက်က အင်းတော်မြို့ ညောင်ပင်စုရပ်ကွက်က။ ကျန်တဲ့သုံးယောက်က အင်းတော်နယ်က မဟုတ်ဘူး။ အောက်ပိုင်းကနေ ခရီးသယ်ကားနဲ့ တက်လာတာ အင်းတော်ဂိတ်မှာမှ သူတို့ကို ဖမ်းထားလိုက်တာ အဲ့တော့ ကျွန်တော်တို့လည်း ဘယ်ကမှန်း သတင်းလိုက်လို့ မရဘူး။”ဟု Indaw Revolution-IR မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကိုကျော်သက်နှင့် မသီတာဝင်းတို့မှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နှင့် ၅၂ (ခ) အရ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံရပြီး ဇော်မျိုးနိုင်မှာ ပုဒ်မ ၅၀ (ည)၊ ၅၂ (က) နှင့် ကိုတင်မောင်ဝင်းမှာ ပုဒ်မ ၅၀ (ည)၊ ရာဇသတ်ကြီးပုဒ်မ (၁၂၄-ဂ) အရ ထောင်ဒဏ် တစ်သက်ချမှတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၄ ဦးမှာ ယခုလက်ရှိ အင်းတော်စစ်တပ်ကုန်းတွင် ဖမ်းဆီးခံထားရပြီး ကသာအကျဉ်းထောင်သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
အင်းတော်စစ်ခုံရုံးတွင် တစ်သက်တစ်ကျွန်းနှင့် သေဒဏ်ချမှတ်ခံရသည့် အရပ်သားပြည်သူများသည် ရှေ့နေငှါးခွင့် မရှိကြောင်း အင်းတော်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ဆီမှာ တစ်သက်တစ်ကျွန်း ကျတဲ့ဟာတွေ သေဒဏ်ကျခံရတဲ့သူတွေဆို ရှေ့နေငှားခွင့်လည်း မရှိဘူး။ လျှောက်လဲခွင့်လည်းမရှိဘူး ဖမ်းဆီးခံရပြီး ၂ လလောက်နဲ့ သူတို့က ပြစ်ဒဏ်တွေချလိုက်တော့တာ”ဟု ဆိုသည်။
တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသော စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် ဖေဖော်ရီလကစပြီး စစ်ကောင်စီက စစ်ဆေးရေးပိုမိုတင်းကြပ်စွာ လုပ်ဆောင်လာပြီး အရပ်သားပြည်သူများ မကြာခဏ ဖမ်းဆီးခံရသည်။
ဖမ်းဆီးခံရသည့် အရပ်သားပြည်သူများကို စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ်များချမှတ်သည့်အပြင် ထောင်ဒဏ်တစ်သက်၊ တစ်သက်တစ်ကျွန်းနှင့် သေဒဏ်ချမှတ်ခံရသည့် အရပ်သားပြည်သူများလည်း ရှိသည်။