စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ဒေသခံ ၂သောင်းကျော် ထွက်ပြေးနေရတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သိရပါတယ်။
ယင်းမာပင်မြိုနယ် လည်ငေါက်ကျေးရွာမှာ ညအိပ်ရပ်နားခဲ့တဲ့ အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေဟာ ယာဉ် ၁၈စီးပါ ယာဉ်တန်းတွေနဲ့ ပုလဲမြို့အတွင်းကို အောက်တိုဘာ ၅ရက် နေ့လည် ၃နာရီမှာ ဝင်ရောက်ခဲ့တာပါ။
အဲဒီအကြမ်းဖက် စစ်တပ် လာရာလမ်းတလျောက်က ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူပြီး ကားတွေပေါ်တင်ယူခဲ့ကြတဲ့အပြင် တွေ့ရှိသမျှ ပြည်သူတွေလည်း ဖမ်းဆီး နှိပ်စက်ခဲ့ကြတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကလည်း အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်း လာရာလမ်းတလျောက်မှာ မိုင်းတွေနဲ့ ဖေါက်ခွဲတိုက်ခိုက်တာ ၊ဒရုန်းတွေနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာတွေကိုလုပ်ခဲ့ကြတာကြောင့် အကြမ်းဖက် စစ်သား အများအပြားလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကြောင်းဟာ လမ်းကြောင်းတလျောက်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူတာ၊ လုယက်တာ၊ ပြည်သူတွေ ဖမ်းဆီးနှိပ်စက်တာတွေကြောင့် ၎င်းတို့ဆက်လက်ထွက်ခွာနိုင်တဲ့ လမ်းတွေက ကျေးရွာ အများအပြားက ပြည်သူ ၂၀၀၀၀ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။
ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေကို သက်ဆိုင်ရာကျေးရွာတွေက ကူညီဆောင်ရွက်ပေးနေကြရတယ်လို့ သိရပါတယ်။